Home > သတင်း > ဒေသတွင်းသတင်း > ယောဒေသမှာ လေကြောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး

ယောဒေသမှာ လေကြောင်းဗုံးကြဲခံရလို့ ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ ဦးသေဆုံး

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ မိအယ်ကျေးရွာထဲကို အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၅ ရက်နေ့၊ ညနေ ၅ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ ၂ ဦးအပါအဝင် အမျိုးသမီး ၅ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“သေဆုံးတဲ့ အမျိုးသမီးတွေထဲမှာ အလောင်းတစ်လောင်းပဲကောင်းကောင်းရတယ်။ ဘာပြောရမှန်းလည်းမသိတော့ဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မအိယ်ကျေးရွာက အသက် ဆယ်နှစ်ဝန်းကျင် ကျောင်းသူနှစ်ဦးဖြစ်တဲ့ မဆုနဒီလွင်၊ မနှင်းသီရိလွင် တို့အပါအဝင် ဒေါ်ကြည်ဟန်၊ ဒေါ်မိုမိုးခိုင်၊ ဒေါ်ဖြူဖြူဝင်းတို့ဟာ နေရာတင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် နောက်ထပ် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက် တာစစ်စင်းဟာ ဆောမြို့နယ် ၊ မိအယ်ကျေးရွာထဲကို ပေါင် ၂၅၀ ဗုံးလို့ယူဆရတဲ့ ဗုံးသီးနှစ်လုံးကြဲချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိအယ်ကျေးရွာက နေအိမ် အလုံး ၄၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
” ရွာမှာ ဘာလက်နက်ကိုင်အဖွဲ့မှာလည်းမရှိဘူး။ ဒီတိုင်းကြီး အကြောင်းမဲ့သက်သက်လာကြဲသွားတာ။ နားကိုမလည်နိုင်တော့ဘူး” လို့ နောက်ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မိအယ်ကျေးရွာဟာ ယောဒေသမှာ နေထိုင်ကြတဲ့ လူမျိုးစုတွေထဲက တောင်သားလူမျိုးတွေအများစုနေထိုင်ကြတဲ့ ကျေးရွာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကျနော်တို့ယောမှာ တောင်သားစကားပြောတဲ့ တစ်ခုတည်းသောရွာဆိုပြီး တန်ဖိုးထားကြပါတယ်။ ရိုးသားပြီး ၊ ဓလေ့ရိုးရာတွေ ထိန်းသိမ်းကြတဲ့ မိအယ်အတွက် ကြေကွဲရပါတယ်” လို့ ယောဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

error: Content is protected !!