Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်တပ်က ပိုက်ဆံတောင်းနေလို့ ကျောက္ကာရွာက တောင်သူတွေ ပဲစဉ်းငုံ မခုတ်နိုင်

စစ်တပ်က ပိုက်ဆံတောင်းနေလို့ ကျောက္ကာရွာက တောင်သူတွေ ပဲစဉ်းငုံ မခုတ်နိုင်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက္ကာကျေးရွာမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာခံတောင်သူတွေရဲ့ ပဲစဉ်းငုံခင်းတွေ ရိတ်သိမ်းခွင့် တစ်ဧကကို ကျပ်၂ သိန်း တောင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။
ကျောက္ကာကျေးရွာကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမအပတ်က စတင်ပြီး စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးကာ ကျောက္ကာရွှေဂူနီ ဘုရားအတွင်းမှာ အထိုင်ချ တပ်စွဲထားတဲ့အတွက် ကျေးရွာခံပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။
“သူတို့(စစ်တပ်) တပ်စွဲကတည်းက စစ်ရှောင်နေရတာပဲလေ၊ အခုက ပဲစဉ်းငုံ ခုတ်(ရိတ်သိမ်း)ချိန် ၊မခုတ်နိုင်ကြဘူး၊ တစ်ဧက ကို ၂ သိန်းတောင်းနေလို့၊ ကိုယ့်ဟာကိုယ် ခုတ်ဖို့တောင် မခုတ်ရဲကြဘူး”လို့ ကျောက္ကာကျေးရွာကနေ စစ်ဘေးရှောင်နေတဲ့ တောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်အထိုင်ချထားတဲ့ ကျောက္ကာကျေးရွာ အနီးပတ်၀န်းကျင်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ဒေသခံတောင်သူတွေရဲ့ စိုက်ခင်းတွေကို စိုက်ပျိုး၊ရိတ်သိမ်းခွင့် မပေးဘူးလို့သိရပါတယ်။
“တတ်နိုင်တဲ့လူ(စိုက်ဧကများတဲ့ တောင်သူ)က
ပိုက်ဆံပေးပြီး ခုတ်ချင်ရင်တောင် အလုပ် သမားရှာမရဘူး၊မလိုက်ရဲကြဘူး၊ တစ်နေ့မှ တစ်သောင်းရတာ၊ဖမ်းခံလိုက်ရရင် ဘယ်သူမှ အာမမခံနိုင်ဘူး၊ဒီကောင်(စစ်တပ်)တွေက ယုံလို့ရတဲ့ကောင်တွေ မဟုတ်ဘူး”လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
ပဲစဉ်းငုံ ရိတ်သိမ်းချိန်မှာ ရိတ်သိမ်းခွင့် မရကြတဲ့အတွက် စိုက်စိုက်ခင်းတွေ ရင့်မှည့်ကွဲအက်ပြီး ပျက်စီးဆုံးရှုံးမှုရှိတယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာ ပဲစဉ်းငုံဈေးကွက် ၀ယ်လိုအား ကောင်းနေပြီး တစ်တင်းကို ကျပ် ၁ သိန်း၀န်းကျင်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
စစ်တပ်အထိုင်ချ တပ်စွဲထားတဲ့ ကျောက္ကာရွာနဲ့ အနီးပတ်၀န်းကျင်ကျေးရွာတွေမှာ ပဲစဉ်းငုံ စိုက်ဧက ထောင်ဂဏန်းအထိ ရှိတယ်လို့လည်း သိရပါတယ်။

error: Content is protected !!