မောင်ချမ်းမြ
(မျက်မှောက်ခေတ် ရုပ်ပုံလွှာ)
၁။
သူ့နာမည်ကို သူတပည့်တစ်ယောက်က “ဆရာ တာယာ” လို့ ဖုန်းထဲမှာ မှတ်တော့ ကျွန်တော်က စာလုံးပေါင်းမှား သည်ဟု ထင်နေသည်။ သို့သော် ကျွန်တော် “တာယာ” ဆိုသည့် စာလုံးပေါင်းနဲ့ ပတ်သက်ပြီး ဘာမျှ မပြောဖြစ်ခဲ့။ တကယ်တော့ အထင်မှားနေသည်က ကျွန်တော်။
“သူ့ကိုယ့်သူ တာယာလိုအကြမ်းခံအောင်၊ သည်းခံနိုင်အောင် နာမည်ကို သူ့ကိုယ်သူ တာယာလို့ မည့်ထားတာ”ဟု သူ့အမေကိုယ်တိုင်ရဲ့ ပြောစကားကိုကြားမှ ကျွန်တော် ရှင်းလင်းသွားပါသည်။
စစ်အာဏာရှင်တော်လှန်ရေး၊ နွေဦးတော်လှန်ရေးမှာ အမည်အရင်းကို မသုံးဘဲ တော်လှန်ရေးနာမည်တွေ ကိုယ်စီယူကြသည်။ နာမည်တွေရဲ့ ရှေ့မှာ ” ဗိုလ်” တပ်သူကတပ်ကြသည်။ သူလည်း တော်လှန်ရေးနာမည်ယူတော့ ” ရဲဘော်တာယာ” ။ လူတွေနဲ့ မိုင်ပေါင်းသန်းချီကွာဝေးသည့် ကောင်းကင်က ” တာရာ” မဟုတ်ပါ။ လူတွေအတွက် တော်လှန်ရေးခရီးမှာ ဘဝ အပွန်းအပဲ့ခံနေသည့် ” တာယာ” ဖြစ်ပါသည်။
၂။
အကြမ်းခံသည့် တာယာတွေကို လူကြိုက်များသည်။ ရဲဘော်တာယာသည် အကြမ်းခံသည်။
တာယာ တွေက လှဖို့မလို။ ခရီးလမ်းမှာ ခံနိုင်ရည်ရှိဖို့သာလိုသည်။ ရဲဘော်တာယာသည် အလှအပမကြိုက်။ လူငယ်ဖြစ်ပြီး လှချင်စိတ်နည်းပါးလွန်းသည်။ ပုဆိုးကြမ်း၊ အင်္ကျီကြမ်း၊ လွယ်အိတ်ကြမ်းနဲ့ ရိုးရိုးကုပ်ကုပ်ကျစ်လျစ်မာကျောသည့် ရဲဘော်တာယာဖြစ်သည်။
တာယာသည် ဖုန်၊ ရွံ့၊ အညစ်အကြေး အပေအလူးခံရသည်။ ရဲဘော်တာယာသည်လည်း ရဲဘော်ရဲဘက်တွေ၏ ဒဏ်ကို သည်းခံနိုင်စွမ်းသူဖြစ်သည်။ စိတ်ရှည်နိုင်စွမ်းသူဖြစ်သည်။
တယာမှာ အညစ်အကြေးပေလျင် ရေဆေးပစ်ရသည်။ ရဲဘော်တာယာသည် အပြင်က သူ့ကိုလူးလာ၊ ကပ်လာသော အညစ်အကြေးကို အကပ်မခံသူ၊ ကပ်လာလျင် “ပညာ” နဲ့ အမြန်ဆေးကြောသည့် အလေ့ရှိသူဖြစ်သည်။
တာယာတွေသည် ယဥ်တစ်စီး၏ အောက်ဆုံးမှာ ရှိသည်။ ရဲဘော်တာယာသည်လည်း ဘယ်နေရာရောက်ရောက် သူ့ကိုယ်သူ အောက်ဆုံးမှာနေသည်။ စားဖိုဆောင်ထိ အမြဲထမင်းဆင်းစားသည့် တပ်ဖွဲ့ထိပ်ပိုင်းအရာရှိ ရဲဘော်တာယာ။ ပြည်သူတွေအပေါ် ရိုကျိုးသည့် ရဲဘော်တာယာ။ ကိုယ့်အောက်က ရဲဘော်တွေ၏ ဘဝကို နက်နက်ရှိုင်းရှိုင်း စာနာတတ်သည့် ရဲဘော်တာယာ။
၃။
ရဲဘော်တာယာသည် CDM ကျောင်းဆရာတစ်ဦးဖြစ်သည်။ သူ့ဇနီးကလည်း သူနှင့်ဘဝတူ။ ယုံကြည်ချက်တူသူ။ နွေဦးတော်လှန်ရေးအစမှာ မိသားစုဘဝထဲကို ခုန်ချခဲ့ကြသူနှစ်ယောက်။ မင်္ဂလာဆောင်ပြီးလို့ ရက်ပိုင်းအတွင်းမှာ ရဲဘော်တာယာ သင်တန်းသွားခဲ့ရသည်။
တော်လှန်ရေးတပ်ဖွဲ့အတွက် ရုန်းကန်ရသည်။ သားသမီးနှစ်ယောက်ရခဲ့သည့် ငါးနှစ်တာအတွင်း ငါးလမျှပင် မိသားစုနွေးနွေးထွေးထွေး အတူနေထိုင်ခဲ့ရပါသလား။ မသေချာပါ။ လူမမယ်သူ့ရင်သွေးတွေကို လွမ်းသည့်အလွမ်းတွေကိုတော့ သူကြိုးစားမျိုသိပ်ရမည်ဟု ထင်သည်။
မိသားစုနဲ့ နေထိုင်ရသည့်ကာလအတွင်း သားဖြစ်သူကို ညတိုင်း ကိုယ်တိုင်သီချင်းဆိုပြီး သိပ်တတ်သည်။ ပုံပြင်ပြောပြီး သိပ်တတ်သည်။ သားသမီး၊ဇနီးအပေါ်မှာ စိတ်ရှည် အနွံအတာခံသည်။ သူ့ကို ခင်ပွန်းတာယာ၊ ဖခင်တာယာအဖြစ် ကျွန်တော်မြင်ဖူးခဲ့ပေါင်းများပြီ။
ခွင့်နဲ့နေရခိုက် အဖေ၊အမေကို ကူညီသည့်နေရာမှလည်း မလစ်ဟင်းသူဖြစ်သည်။ ဒီနေ့ညနေမိုးချုပ်ခွင့်ပြန်လာပြီး မနက်ဖြန်မနက်တောသွားဖို့ ဝန်မလေးသူဖြစ်သည်။ မနက်ဖြန်မနက် တပ်ကိုပြန်ရမည့်အချိန်တွင် ညနေမိုးချုပ်ထိ လယ်တောမှာ အလုပ်လုပ်နေခဲ့သူ “အလုပ်သမား တာယာ” ကိုလည်း ကျွန်တော် မြင်ဖူးခဲ့ပေါင်းများပြီ ဖြစ်သည်။
ရဲဘော် တာယာသည် ပညာတတ်လူငယ်တစ်ဦး။ မိဘနောက်ခံ အသိုင်းအဝိုင်း မချို့ငဲ့ခဲ့သူတစ်ဦး။ CDM ကျောင်းဆရာတစ်ဦး။ လက်ရှိအချိန် ဒေသတစ်ခု၏ တော်လှန်ရေးတပ်ဖွဲ့တွင် ထိပ်ပိုင်းအရာရှိတစ်ဦးဖြစ်သည်။
“မင်းတို့တပ်ရင်းမှူးက သူတောင်းစားလောက်တောင်မပြောင်ရောင်ပါလားဟ” လို့ မှတ်ချက်ပေးခံခဲ့ရသူ။ တကယ်တော့ ရဲဘော်တာယာသည် သစ္စာနှင့် မေတ္တာကို စွဲစွဲမြဲမြဲဆုပ်ကိုင်ပြီး အကြမ်းခံ၊ အနွမ်အတာခံကာ တော်လှန်ရေးခရီးကို လျှောက်လှမ်းနေသည့် လူငယ်တစ်ဦးဖြစ်သည်။
သူ့ကိုယ်သူ အောက်ဆုံးကနေမည်ဟူသော ခံယူချက်ဖြင့် “တာယာ” ဟု ခံယူထားသည်။ တကယ်တမ်းတွင်တော့ သူသည် မြေကြီးပေါ်မှာ လင်းလက်နေသည့် ကြယ်တာရာတစ်လုံးဖြစ်ကြောင်း ကျွန်တော်တို့ သိကြပါသည်။
#မောင်ချမ်းမြ
#မျက်မှောက်ခေတ်
#ရုပ်ပုံလွှာ






