လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် ဆောင်းပါး)
ခရီးသွားခြင်းရဲ့ အကျိုးတစ်ခုက သိမြင်နားလည် ခံစားတတ်ခြင်းလို့ဆိုရပါမယ်။ ဘာတွေသိမြင်ရလဲဆို လူမှုဘ၀တွေရယ် တောတောင်ရေမြေသဘာ၀ရယ် ချစ်ခြင်းမေတ္တာရယ်လို့ဆိုရပါမယ်။
ရှေ့တစ်ပတ်က တောင်ကြီး၊ အင်းလေး၊ ကလော ခရီးစဉ်မှာ ရှမ်းပြည်ကိုမရောက်ဖူးသေးသူ ကျွန်တော့်အတွက် အရာရာဟာ အသစ်ဖြစ်လို့နေပါတယ်။ ကြီးမားလှတဲ့တောင်တန်းကြီးတွေ ကွေ့ဝိုက်ကာ တဖြည်းဖြည်းမြင့်လာခဲ့တဲ့လမ်းတွေ ပြီးတော့ အေးစက်စက်ဆောင်းအရသာဟာ ပထမဆုံး ခံစားဖူးတဲ့ အရသာပဲဖြစ်ပါတယ်။
”ငါတို့သာရွေ့သွားတယ်။ တောင်ကြီးတွေက ရွေ့မသွားဘူး”
19.1.26 စိတ်ကူးထဲပေါ်လာတဲ့ စာသားတွေ ချရေးလိုက်မိပါတယ်။ ရွေ့မသွားတဲ့တောင်ကြီးတွေက သမိုင်းကြောင်းကို ပြောပြလိုဟန်ရှိပေမဲ့ အတိကျတော့ မသိနိုင်ခဲ့ပါဘူး ဘာကြောင့်လဲဆို ကျွန်တော်ဟာ ခဏလာလည်တဲ့ ခရီးသွားမဟုတ်လား။
အေးစိမ့်စိမ့် ကလောညဟာ တကယ့်ဆောင်းအရသာကို ခံစားရစေခဲ့ပါတယ်။ ကလောမြို့လေးဟာ တကယ်ချစ်စရာပါ။ အခွင့်သာရှိခဲ့ရင် ကလောက တောင်စွန်းတစ်နေရာလေးမှာ ခြံ၀င်းနဲ့ အိမ်ကလေးနဲ့ဆိုတဲ့ အိမ်မက်လေးတစ်ခု ကောက်ရခဲ့ပါတယ်။ ထင်ရှူးတန်းတွေ ချစ်စရာအိမ်ကလေးတွေနဲ့ မြူဆိုင်းနေတဲ့ ဆောင်းမနက်ခင်းဟာ တကယ့်မမေ့နိုင်စရာမြင်ကွင်းတွေဖြစ်ပါတယ်။
အညာသားဖြစ်တဲ့ ကျွန်တော်ဟာ ပတ်၀န်းကျင်းရှိ သစ်ပင်တွေကိုလိုက်ကြည့်ရင်း တမာနဲ့ မန်းကျည်းပင်တွေများ ရှိလေမလား လိုက်ရှာမိပါတယ် ။ မတွေ့မိပါဘူး။ တွေ့မိတာကတော့ ထူးခြားတဲ့ ညောင်ပင်အကြီးကြီးတွေပဲဖြစ်ပါတယ်။ စိုက်ခင်းတွေမှာ နှမ်းတွေစိုက်ထားတာတွေ့ရပါတယ်။ ပန်းနှမ်းတွေလို့ပြောပါတယ်။ အညာက နှမ်းတွေနဲ့မတူပါ။ ဂျုံခင်းတွေ ကြက်သွန်ဖြူစိုက်ခင်းတွေလည်းတွေ့ရပါတယ်။
သည်ခေါက်ဆွဲ ကောင်းလွန်းလို့စားတာလား ဆိုင်ရှင်လေးလှလွန်းလို့သွားတာပါဆိုတဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင်ရဲ့ သီချင်းစာသားကို သတိရမိတဲ့အချိန်က ပုတ်တလုတ်ကန်နားက ထမင်းဆိုင်ကိုရောက်ရှိချိန်ပါပဲ။ ထမင်းဆိုင်က ရှမ်းမလေးတွေက တကယ်ချောတာကိုး။
ဆန်ကစေးတော့ ဟင်းတွေကကောင်းပေမဲ့ သိပ်မစားနိုင်ခဲ့ပါ။ ထူးခြားတဲ့ဟင်းလျာကာ့ ခါချဉ်ကောင်ကြော်ပါ။ ထမင်းပေါ်မှာ ခါချဉ်ခေါင်တွေတတ်နေသလိုဖြစ်တာမို့ အတူပါလာသူတွေ မစားရဲခဲ့ကြပါဘူး။
အမှတ်တရဖြစ်ဆုံးနေရာက လိမ္မော်ခြံပါ။ လိမ္မော်ပင်ကို တခါမှမမြင်ဖူးတော့ အံ့ဩတကြီးဖြစ်ရပါတယ်။ လိမ္မော်သီးတပိဿာ တစ်သောင်းသုံးထောင်ပါ။ ရှမ်းအဒေါ်ကြီးတွေက ဈေးရောင်းတာပြတ်ပါတယ်။ ဘယ်ထိလျော့ပေးနိုင်မယ်လို့ တစ်ခါတည်း ၀ယ်သူက ဈေးမဆစ်ခင်ကြိုပြောထားတာပါ။ လိမ္မော်သီးတပိဿာကို နည်းနည်းလေးပဲကျန်အာင် စားပစ်သူ ကျွန်တော့်အမျိုသမီးကတော့ ညနေဟိုတယ်ရောက်တော့ ၀မ်းလျောပါတော့တယ်။
အေးသာယာကနေ တောင်ကြီးကိုတက်တဲ့လမ်းမှာ ဘာကြောင့်တောင်ကြီးမြို့လို့ ခေါ်တယ်ဆိုတာ တွေးမိပါတော့တယ်။ ကွေ့ဝိုက်တက်ရင်း တောင်ကြီးမြို့ကိုရောက်လာခဲ့ရပါတယ်။ တောင်ကြီးဟာ သိပ်မအေးပါ မြို့ကြီးဖြစ်လို့ ဖြစ်ပါမယ်။ ရွှေဘုန်းပွင့်စေတီပေါ်ကကြည့်ရတဲ့ တောင်ကြီးည ရှုခင်းဟာ လှပလှပါတယ်။
အင်းလေးမှာ လှေစီးရင်း သတိရမိတာက အင်းလေးမှာရွာတဲ့မိုးသီချင်းပါ။ ညောင်ရွှေကနေ အင်းလေးဖောင်တော်ဦးဘုရားထိ တစ်နာရီနီးပါး စက်လှေ စီးရပါတယ်။
အင်းလေးမှာ ရွာတဲ့မိုးသီချင်းကို အင်းလေးမှာ လှေမစီးဖူးတဲ့သူဟာ သေချာနားလည် ခံစားတတ်မှာ မဟုတ်ပါဘူး။ ဘာလို့ဆို တောင်ပြာတန်းရယ် အင်းလေးရေပြင်ကျယ်ရယ် လှေစီးနေရတဲ့ အခိုက်တန့်လေးမှာ မိုးရေထဲ တစ်ကိုယ်တည်း လှော်ခတ်နေမဲ့ အထီးကျန်လှေငယ်လေးတစ်စင်းကို မြင်ယောင်မိမှာသေချာပါတယ်။
အင်းလေးမှာရွာတဲ့မိုးသီချင်းကို သတိရမိတယ်လို့ အတူပါလာသူအန်တီကြီးကလည်းပြောရင်း ဇာတ်ကားရှိတယ်ပြောလို့ ယူကျူ့မှာရှာတဲ့အခါ နေကျောက်ခဲ ဇာတ်ကားကိုတွေ့ရပါတယ်။
အင်းလေးမှာရွာတဲ့မိုးက နေကျောက်ခဲ ဇာတ်ကားရဲ့ဇာတ်၀င်တေးတစ်ပုဒ်ပါ။ အဆိုတော်ကြီးကိုင်ဇာက ရေးစပ်ထားပြီး မင်းသားကြီးကျော်ဟိန်းက အဲ့ဒီဇာတ်ကားမှာ သူကိုယ်တိုင်ဆိုခဲ့တဲ့သီချင်းဖြစ်ပါတယ်။
အနုပညာတစ်ခုကို ခံစားတဲ့အခါ မိမိရရခံစားတတ်ဖို့ နားလည်တတ်ဖို့ဆိုတာ အဲ့ဒီနေရာကို ကိုယ်တိုင်ရောက်ဖူးသွားမှ သူတို့နေရာ ကိုယ်ရောက်သွားမှ ခံစားမိနိုင်တာမျိုးဆိုတာကို သေချာသိရှိသွားခဲ့ရပါတယ်။ သည်အရာသည်ပင် ခရီးသွားရခြင်းရဲ့ အကျိုးဖြစ်မည်ထင်ပါတယ်။ ဒါကြောင့် ခရီးသွားကြတာလို့ တွေးမြင်နေမိပါတယ်။
လွှားအောင်(စစ်ကိုင်း) 21.1.26






