ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)
“မြန်မာနိုင်ငံမှာ မတည်မငြိမ်တဲ့နေရာတွေဟာ ပညာရေးအားနည်းတဲ့ ဒေသတွေဖြစ်ပြီး ပညာတတ်မြောက်မှု အားနည်းတာနဲဲ့ သိမြင်တွေးခေါ်နိုင်မှု အားနည်းတာကြောင့် အကြမ်းဖက်မှုတွေလုပ်နေတယ်” လို့ မင်းအောင်လှိုင်က ပြင်ဦးလွင်မြို့ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှာ ဇွန် ၁၁ ရက်နေ့က ပြောဆိုသွားကြောင်း သတင်းတွေထဲမှာ ဖတ်ရသည်။
မင်းအောင်လှိုင်သည် ကျောင်းဖွင့်ခါနီး မေလကနေ လက်ရှိအချိန်ထိ စာသင်ကျောင်းတွေကိုရည်ရွယ် ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသည်။
မေလအတွင်း အိုတိန်တွင်းရွာစာသင် ကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် ကျောင်းသူကျောင်းသား ၂၄ ဦးသေဆုံးခဲ့သည်။ ထို့နောက် နိုင်ငံအဝန်းက စာမသင်တော့သည့် စာသင်ကျောင်းဆောင်တွေကိုလည်း လေကြောင်းကနေ ပစ်ခတ်ဗုံးကြဲခဲ့သည်။
နောက်ဆုံးစာသင်ကျောင်းမှာမှ နေအိမ်စာသင် ကျောင်းပါမကျန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်စပ် ပိုင်ရပ်ကျေးရွာနေအိမ်စာသင်ကျောင်းကို ဇွန်လဆန်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၆ ဦးသေဆုံးပြီး ၂၀ ကျော်ထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ဇွန်လကျောင်းဖွင့်ချိန်ကြတော့ တော်လှန်ရေးနယ်မြေက ကျောင်းတွေ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကြောင့် မဖွင့်နိုင်ကြပါ။ စစ်ကောင်စီထိန်းချုပ်သည့် မြို့ပေါ်တွေမှာတော့ ကျောင်းတွေအကုန်ဖွင့်ကြသည်။
လွတ်မြောက်နယ်မြေမှာ ကျောင်းတွေမဖွင့်နိုင်တော့ အချို့မိဘတွေက စစ်ကောင်စီထိန်းချုပ်သည့် မြို့ပေါ်ကျောင်းတွေမှာ သွားထားကြသည်။ “လူတောင်မဆန့်ဘူး” ဟု မြို့ပေါ်ကိုယ်ပိုင်ကျောင်းတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စာရေးသူမိတ်ဆွေတစ်ဦးက ပြောသည်။
မင်းအောင်လှိုင်သည် တော်လှန်ရေးနယ်မြေက ကျောင်းတွေကို မဖွင့်နိုင်အောင် လေကြောင်းကနေ ခြိမ်းခြောက်ပြီး ကျောင်းသူကျောင်းသားတွေကို စစစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲကို ခေါ်ယူသည်။
နောက်တစ်ဆင့် တော်လှန်ရေးနယ်မြေက ကျောင်းသူ၊ ကျောင်းသား လူငယ်တွေကို ပညာမတတ်မြောက်သူတွေ၊ တွေးခေါ်နိုင်စွမ်းမရှိသူတွေ အဖြစ် လက်ညှိုးထိုးသည်။ ဤသည်ပင် မင်းအောင်လှိုင်၏ ပညာရေးဇာတ်ညွှန်းဖြစ်ပါသည်။
မင်းအောင်လှိုင်သည် စကားကို ကပြောင်းကပြန်၊ ဗလောင်းဗလဲ ပြောဆိုတတ်သူဆိုတာ ပြည်သူအားလုံးနီးပါး သိကြသည်။
ယခုမင်းအောင်လှိုင်ပြောသည့်စကားကိုတော့ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သတိထားသင့်သည်။ ထိုစကားကိုစတင်ပြောဆိုသူသည် မင်းအောင်လှိုင်မဟုတ်ပါ။
Non – CDM ဆရာ၊ဆရာမတွေ၊ စစ်တပ်ကိုထောက်ခံသည့်၊ မ.ဘ.သ ကိုထောက်ခံသည့် ဆရာ၊ဆရာမတွေ၏ လက်သုံံးစကားဖြစ်သည်။ ထိုဆရာ၊ဆရာမတွေသည် စစ်ကောင်စီလက်အောက်မှာကျောင်းတက်နေသည့် ကျောင်းသူ၊ကျောင်းသားတွေကို သည်စကား ပြောဆိုလာတာ ယခုဆို လေးနှစ်ကျော်ပါပြီ။ ကျောင်းသူ၊ကျောင်းသားအချို့မှာ သည်အတွေးအမြင်တွေ ဝင်သင့်သလောက်ဝင်နေမည်မှာလည်း သေချာပါသည်။
မင်းအောင်လှိုင်က တော်လှန်ရေးနယ်မြေက ကျောင်းသူကျောင်းသားတွေကို အတန်းပညာမတတ်သူတွေ၊ အတွေးအခေါ်နည်းပါးသူတွေအဖြစ် စွပ်စွဲသည်။
သူ့စွပ်စွဲပြောဆိုချက်အတိုင်း ကျွန်တော်တို့ တော်လှန်ရေးနယ်မြေက ကျောင်းသူကျောင်းသားတွေ အတန်းပညာမတတ်ဘူးလား၊ အတွေးအခေါ်နည်းပါးသလားဆိုတာ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ဆန်းစစ်ဖို့လိုသည်။
ပြီးခဲ့သည့်နှစ်တွေကရော၊ လက်ရှိအချိန်ထိရော ပညာရေးသည် အားရစရာမရှိတာကတော့ အမှန်ဖြစ်သည်။ တော်လှန်ရေးနယ်မြေမှာ ပညာရေးကို အားပေးပြီး တူတူတန်တန်သင်ကြားပေးသည့်နေရာတွေရှိသော်လည်း နည်းပါးလွန်းနေသေးသည်။
ပညာရေးကို လက်ရှိအချိန်ထိ ဝတ္တရားကျေလုပ်ဆောင်နေကြဆဲဖြစ်သည်။ ရင်လေးစရာကောင်းပါသည်။ ပညာရေးကို အားမပေးခြင်း၊ မဝိုင်းဝန်းကြခြင်း၊ ဝတ္တရားကျေလုပ်ဆောင်နေကြခြင်းသည် စစ်အာဏာရူးမင်းအောင်လှိုင်ရေးသည့် ဇာတ်ညွှန်းကို လိုက်ကနေတာနဲ့ တူသည်ဆိုတာကိုတော့ ကြပ်ကြပ် သတိထား ကြဖို့လိုပါသည်။
#ဟန်နီကို
#မျက်မှောက်ခေတ်
#ဆောင်းပါး
#ပညာရေး






