ကိုယ့်ရှေ့က အကာကိုကျော်၍
ဝေလင်းလက်
(မျက်မှောက်ခေတ် ရသစာတမ်း)
ကျွန်တော်သည် တောရဘုန်းကြီး ကျောင်းလေးတစ်ကျောင်းကို ရောက်နေသည်။ တောရကျောင်းဆိုမှ တကယ့်တောရကျောင်း။
ထိုတောရကျောင်းလေးကို စစ်ဘေးကြောင့် တောထဲပြေးလာကြသူတွေက ဆောက်လုပ်လှူဒါန်းထားကြောင်းသိရသည်။
ကျွန်တော့်မိတ်ဆွေတချို့ရဲ့ ဖိတ်ခေါ်မှုကြောင့် ထိုတောကျောင်းကလေးကို ရောက်ဖြစ်သည်။ ဥပုသ်နေ့ ဥပုသ်ဆွမ်းကျွေးမည်ဖြစ်၍ ထမင်းစားချိန်မှာ ကျောင်းကိုလာရောက် ထမင်းစားဖို့ ဖိတ်ခေါ်ထားသောကြောင့်ဖြစ်သည်။
ထမင်းစားချိန် ကျွန်တော်ရောက်သွားတော့ သံဃာတော်တွေကို ဆွမ်းကပ်မည့် အချိန်နဲ့ ကြုံသည်။ သံဃာတော်တွေက ဆွမ်းဝိုင်းမှာနေရာယူကြသည်။ သံဃာတော်တွေ ဆွမ်းဘုန်းမပေးခင် သံဃာတော်တွေနှင့် အတူလူပုဂ္ဂိုလ်တွေအားလုံး လက်အုပ်ချီကာ မြတ်စွာဘုရားရှင်ကို ရှိခိုး၊ပူဇော်ဆွမ်းကပ်ကြပါသည်။
သို့သော် ဤသို့ ပူဇော်ဆွမ်းကပ်နေစဥ် ဆရာတော်တစ်ပါးသည် သံဃာ၊ လူတွေနဲ့အတူ မြတ်စွာဘုရှားရှင်ကို ဆွမ်းကပ်ခြင်းမရှိပဲ ဆွမ်းဝိုင်းထိပ်တည့်တည့်တွင် ထိုင်ကာ ဆွမ်းခွက်တွေကို ဟိုရွှေ့၊သည်ရွေ့လုပ်နေပါသည်။ကျောင်းထိုင်ဆရာတော်ဖြစ်ရမည်ဟု စိတ်ထဲတွေးမိသလို စိတ်အနှောင့်အယှက်ဖြစ်သွားပါသည်။
ကျွန်တော်သည် မြို့ပြလူနေမှုစနစ်အောက် ဘုန်းကြီးကျောင်းတွေနဲ့ မနီးစပ်လှသော်လည်း ကလေးဘဝကတော့ ရွာကျောင်း၊ တောကျောင်း ဘုန်းကြီးကျောင်းနှစ်ကျောင်းမှာ ဘုန်းကြီးကျောင်းသားဘဝကို ကောင်းကောင်းဖြတ်သန်းခဲ့ရသူဖြစ်သည်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားဘဝ ဆွမ်း၊ပန်းကပ်လှူပူဇော်စဥ် ထိုဆရာတော်ကဲ့သို့ ကပ်လှူပူဇော်နေသည့် ဦးဇင်း၊ ကိုရင်၊ လူတွေရှေ့ ဆွမ်းစားပွဲထိပ်တွင် ထိုင်နေသည့် ဆရာတော်မျိုးကို မတွေ့ဖူးခဲ့ပါ။ ကျွန်တော်နေခဲ့ရသော တောကျောင်းမှ ဆရာတော်ကြီးဆိုလျှင် ဂျပန်နိုင်ငံမှ ဂုဏ်ပြုဆုတံဆိပ်တစ်ခု ဆက်ကပ်ခြင်း ခံရဖူးသလို တနယ်လုံး၏ အထူးကြည်ညိုခြင်းကိုလည်း ခံရသည့် ဆရာတော်ကြီးဖြစ်ပါသည်။
ထိုဆရာတော်ကြီးပင် ဤကဲ့သို့ မထိုင်ဖူးပါ။ တပည့်တွေနှင့်အတူ ဆွမ်းမကပ်သော်လည်း အားလုံးပူဇော်ဆွမ်းကပ်ပြီး သွားပင့်မှ ကြွလာတတ်ပါသည်။ ကျွန်တော်သည် လက်အုပ်ချီလျက်၊ ပါးစပ်က ကန်တော့ချိုးကိုဆိုလျက်ကပင် ဆွမ်းစားပွဲထိပ်တွင် ထိုင်နေသည့် ကိုယ်တော်ကို ကြည့်ကာ စိတ်အနှောင့် အယှက်ဖြစ်နေပါသည်။
ထို့အပြင် နောက်ထပ်စိတ်အနှောင့်အယှက်ဖြစ်စေမည့် အတွေးတွေက ဝင်လာပြန်ပါသည်။ ကျွန်တော် မေးမြန်းစုံစမ်းခြင်းမရှိဘဲ နီးစပ်ရာတွေက ထိုဆရာတော်အကြောင်း ပြောဖူးတာကို ကြားမိတာတွေရှိပါသည်။ ကြည်ညိုစရာ အကြောင်းများကားမဟုတ်ပါ။ ကျွန်တော်ကြားဖူးသည့် အကြောင်းအရာတွေကို အမှန်ဖြစ်မှာပဲဟု ကျွန်တော်ဆက်လက်ကောက်ချက်ချမိပြန်ပါသည်။
ကျွန်တော်ပရိတ်သတ်နဲ့အတူ လက်အုပ်ချီလျက် ဆွမ်းကပ်သည့် ကန်တော့ချိုးကို ဆိုနေသည်မှာ ထက်ဝက်သို့ရောက်လာပါသည်။ မြတ်စွာဘုရားရှင်ကို ပူဇော်ဆွမ်းကပ်ရင်း စိတ်အနှောင့်အယှက်ဖြစ်နေသည့် ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်နေပါသည်။ ထို့ကြောင့်မကျေနပ်စိတ်ကို ကြိုးစားဖယ်ဖျောက်ရန် မြတ်စွာဘုရားရှင်ကို ပိုအာရုံပြုပြီး ကြည်ညိုစိတ်ကို ပွားများလိုက်ပါသည်။
ကျွန်တော်သည် ဥပုသ်နေ့တွင် ဥပုသ်သီလဆောက်တည်လောက်အောင် မကျင့်ကြံနိုင်သော်လည်း ငါးပါးသီလကိုတော့ အတတ်နိုင်ဆုံး လုံအောင် စောင့်ထိန်းသူဖြစ်ပါသည်။
ထို့ကြောင့် နေရထိုင်ရတာ စိတ်ကြည်လင်မှုရှိသည့်အချိန်တွေပိုများပါသည်။ တရားစာအုပ်တွေ ဖတ်ခဲ့ဖူးသည့်အကျိုး၊ တရားစခန်းတွေဝင်ခဲ့ဖူးသည့် အကျိုး၊ ညအိပ်ရာဝင်နဲ့ အိပ်ရာထချိန် တရားခဏတာထိုင်ခဲ့ဖူးသည့်အကျိုးတွေကြောင့် လောကသဘော၊ လောကဓံသဘောကို ထိုက်သည့်အားလျော်စွာ နားလည်နှလုံးသွင်း တတ်ပါသည်။
တကယ်တော့ ထိုအကျိုးတရားတွေသည် မြတ်စွာဘုရားရှင်၏ ကျေးဇူးတွေဖြစ်သည်။ ထပ်ဆင့်ဟောကြားရေးသားခဲ့သော ဆရာတော်တို့၏ကျေးဇူးတော်တွေဖြစ်သည်။
ဤကဲ့သို့ စိတ်မှာအောက်မေ့မိသောအခါ ဆွမ်းဝိုင်းထိပ်တွင် ထိုင်နေသော ကိုယ်တော်ကို ကျွန်တော်မမြင်တော့။ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တို့၏ ကျေးဇူးတော်ကိုသာ ပူဇော်ရှိခိုးမိပါတော့သည်။ ထိုအခါကျွန်တော့်စိတ်ထဲတွင်ရှိသည့် အနှောင့်အယှက်တို့သည် လွတ့်စင်ပြီး စိတ်သည်တည်ငြိမ်အေးချမ်းလာပါသည်။
စိတ်တည်ငြိမ်အေးချမ်းလာသည်နှင့်တပြိုင်နက် အသိတစ်ခု ခေါင်းထဲဝင်လာပါသည်။ ယခုခေတ်ကား အကာတွေပေါလှသည်။ ထိုအကာတွေကို ကျော်ပြီး အနှစ်သာရကို ကြည့်မြင်တတ်ဖို့လိုသည်။ ကျွန်တော်ကား လက်အုပ်ချီလျက်…..။
#ဝေလင်းလက်