Home > Uncategorized > တာဝန်ကျေပွန်သွားခဲ့တဲ့ သတင်းသမား

တာဝန်ကျေပွန်သွားခဲ့တဲ့ သတင်းသမား

တာဝန်ကျေပွန်သွားခဲ့တဲ့ သတင်းသမား

တက်နေထွန်း

(မျက်မှောက်ခေတ် ဆောင်းပါး)

သူဟာ တော်လှန်ရေးစကတည်းက သတင်းတွေကို ပြည်သူတွေဆီရောက်အောင် တင်ဆက်ပေးခဲ့သူဖြစ်ပါတယ်။ သူဟာ မဖြစ်စလောက်ငွေကြေးအထောက်အပံ့လေးနှင့် သတင်းတွေကို ကြိုးစားပမ်းစားတင်ဆက်ခဲ့သူဖြစ်တယ်။

အန္ဒရာယ်တွေရှိမှန်းသိတဲ့ကြားက သတင်းအတွက်ဆို လူကိုယ်တိုင်သွားလာခဲ့သူဖြစ်ပါတယ်။ သူ့မိသားစုစားဝတ်နေရေးအတွက် သတင်းဌာနကပေးတဲ့ ငွေကြေးနဲ့ မလုံလောက်လို့ အပြင်မှာ လုပ်ငန်းတစ်ခုကို တွဲဖက်လုပ်ကိုင်နေခဲ့ရသူဖြစ်ပါတယ်။

မြို့ကြီးမှာနေထိုင်ပေမယ့် သမီးနှစ်ယောက်ကို စစ်ကောင်စီကျောင်းလုံးဝမထားခဲ့သူလည်း ဖြစ်တယ်။ ခုတာ့သူဟာ….  မရှိရှာတော့ပါ။ အသက်သုံးဆယ်ကျော်အရွယ်လေးမှာ…သူဟာ မိန်းမ၊ သမီးနှစ်ယောက်ကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

သူဆုံးပြီဆိုတာကို ကျနော် တော်တော်နောက်ကျမှ သိခဲ့ရပါတယ်။ အသိနောက်ကျရတဲ့ အကြောင်းကလည်း သူ့နာမည်ကို လူမူကွန်ယက်တွေမှာ ရေးသားဖို့ မဖြစ်နိုင်ခဲ့တာကြောင့်ဖြစ်မှာပါ။

သူနဲ့ယာယီအဆက်အသွယ်ပြတ်နေတဲ့ ကျနော့လိုမိတ်ဆွေတွေလည်း ခုထက်ထိ မသိသေးတဲ့သူတွေရှိနေဦးမှာပါ။ သူ့အကြောင်းကိုရေးသားရာမှာ ကျန်ရစ်ခဲ့တဲ့ သူ့မိသားစု လုံခြုံရေးအတွက် သူ့နာမည်ကို ဖော်ပြဖို့ မဖြစ်နိုင်ပါဘူး။

သူနဲ့ကျနော်ဟာလူချင်းမတွေ့ဘူးပဲ ဖုန်းပေါ်ကနေတဆင့် ဆက်ဆံခဲ့ကြရတာဖြစ်ပါတယ်။ ဖုန်းပေါ်ကနေ တဆင့်ဆက်ဆံရေးဆိုပေမယ့် တကယ့်ရဲဘော် ရဲဘက်၊ တကယ့်လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ပါတယ်။  နွေဦးတော်လှန်ရေး မှာ လက်နက်ကိုင်တိုက်ပွဲတွေ စတင်ချိန်။ သူနဲ့ ကျနော်ဟာ လူလူနည်းနည်းနဲ့ ကျဲကျဲဝိုင်းရတဲ့ သတင်းဌာနတစ်ခုမှာ ဆုံခဲ့ကြရတာပါ။

သတင်းတွေကို လိုက်ကြရတဲ့အခါမှာ သူလိုက်ရတဲ့ သတင်းတချို့ဟာ အင်မတန်အန္ဒရာယ်များပါတယ်။ သတင်းအတွက် ရန်ကုန်မြို့က မြေအောက်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သူဟာဆက်သွယ်ရပါတယ်။ တခါတခါ လဖက်ရည်ဆိုင်မှာ ချိန်းဆိုပြီး လူချင်းတွေ့တဲ့ အခါတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ဆောင်ရင်းနဲ့ သူ့အကြောင်းဟာ စစ်ကောင်စီတွေဆီ ရောက်ခဲ့ရပါတယ်။

စစ်ကောင်စီဟာ သူ့ကိုဖမ်းဆီးဖို့ တောက်လျောက်ကြိုးစားခဲ့ပါတယ်။ နေရပ်လိပ်စာတွေစုံစမ်းပြီး လာဖမ်းပေမယ့် သူကလက်ဦးပြီး နေရာပြောင်းခင်တာကြောင့် နှစ်ကြိမ်တိုင်တိုင်လွတ်မြောက်ခဲ့ပါတယ်။ ရန်ကုန်မှာနေရာပြောင်းတယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုလိုက်ဆို ပိုမလွယ်တဲ့ကိစ္စပါ။

“ပစ္စည်းတွေသယ်ယူစရိတ်ထားလိုက်အုံး။ အိမ်က ခြောက်လစာချုပ်မှရတာ။ ကျနော်ပြောင်းခဲ့တဲ့ အိမ်နှစ်အိမ်လုံး တစ်လ ကောင်းကောင်းမနေခဲ့ရဘူး” လို့ အိမ်သုံးကြိမ်မြောက် ပြောင်းရွှေ့ပြီးနောက် သူပြောခဲ့တဲ့စကားကို အမှတ်ရပါတယ်။

ငွေကြေးကုန်ကျတွေ သူသိပ်များလာတယ်။ သူလုပ်နေတဲ့ မိသားစုလုပ်ငန်းလေးကို လုံးဝစွန့်လွတ်လိုက်ရတယ်။ သူ့နောက်ကို လိုက်နေတဲ့ စစ်ကောင်စီကို အမြဲသတိထားနေရတယ်။

“ကျနော် နှလုံးသိပ်မကောင်းဘူး။ ရင်ဘတ်ထဲအောင့်အောင့်နေတယ်” ဒါသူ့ဆီက ကြားခဲ့ရတဲ့ နောက်ဆုံးစကား။ လူဖြောင့်၊ လူမှန်သမားဟာ ဘယ်ရဲဘော်ရဲဘက်ကိုမှ ဒုက္ခမပေးဘဲ ပျောက်ကွယ်သွားခဲ့တယ်။ ဇနီးနှင့် သမီးနှစ်ယောက်၊ လူမမယ်သမီးနှစ်ယောက် ကျန်ရစ်ခဲ့တယ်။

သူ့သတင်းတွေကြောင့် ရန်ကုန်မြို့ရဲ့ အဖြစ်အပျက်တွေကို ပြည်သူတွေအများကြီးသိခွင့်ရခဲ့ပါတယ်။ သူ့ရဲ့အဖြစ်အပျက်တွေကိုတော့ ရင်းနှီးသူတွေတောင်မှ သိခွင့်မရလိုက်ကြရပါဘူး။ ရက်စက်မှုသတင်းတွေကြား၊ တိမ်းရှောင်နေရတဲ့ အန္ဒရာယ်ကြား၊ လောကဓံအထုအထောင်းတွေနဲ့ သူ့နှလုံးသား ကြေမွသွားခဲ့တာဖြစ်မှာပါ။

#တက်နေထွန်း

error: Content is protected !!