Home > Uncategorized > ပြည်သူတွေဟာ သူတို့ကိုယ်သူတို့ ကြားညှပ်နေပြီလို့ ခံစားနေရပြီလား

ပြည်သူတွေဟာ သူတို့ကိုယ်သူတို့ ကြားညှပ်နေပြီလို့ ခံစားနေရပြီလား

ပြည်သူတွေဟာ သူတို့ကိုယ်သူတို့ ကြားညှပ်နေပြီလို့ ခံစားနေရပြီလား

တက်နေထွန်း

(မျက်မှောက်ခေတ် ဆောင်းပါး)

တော်လှန်ရေးကာလမှာ တိုက်ပွဲဖြစ်ပွားတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာတွေ၊ မိမိရဲ့အမျိုးမိတ်ဆွေသေဆုံးခဲ့ရတာတွေ၊ နေအိမ်တွေကို မီးရှိူ့ဖျက်ဆီးခံရတာတွေကအစ စစ်ရေးအခြေအနေကြောင့် ကားလမ်းတွေပိတ်ထားလို့ ကုန်ပစ္စည်းတွေပြတ်တာအလယ် ဂိတ်ကြေးကောက်ခံမှုတွေကြောင့် ကုန်ပစ္စည်းစျေးနူန်းတွေတက်တာအဆုံး ပြည်သူတွေဟာ အမျိုးမျိုးသော ဒဏ်တွေကိုခံနေကြရတာ လက်တွေ့ပါ။ ( စ.က.စ ကြောင့် နိုင်ငံစီးပွားရေးချွတ်ခြံကျလို့ ကုန်စျေးနူန်းတက်တာနဲ့ ဂိတ်ကြေးကြောင့် သယ်ယူစရိတ်ကတဆင့် ကုန်စျေးနူန်းတက်တာ မရောစေချင်ပါ)

ပြည်သူတွေဟာ သူတို့ကိုသူတို့ ကြားညှပ်နေပြီလို့ ခံစားနေရပြီဆိုရင် အလွန်အန္ဒရာယ်များတဲ့အခြေ အနေပဲလို့ ဆိုရမှာပါ။ ကြားညှပ်ပြီဆိုကတည်းက ဘယ်ဘက်မှ မပါတဲ့သဘောကိုဆောင်ပါတယ်။

ပြည်သူအချို့ဟာ သူတို့ကိုယ်သူတို့ ကြားညှပ်နေပြီလို့ ခံစားနေကြရတာဟာလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး။ သူတို့မှာလည်း အကြောင်းပြချက်တွေရှိနေပါတယ်။

ဥပမာတစ်ခုအနေနဲ့ပြရရင် စစ်ရေးအခြေအနေကြောင့်ပဲဖြစ်ဖြစ်၊ ရိက္ခာတွေစစ်ကောင်စီအဖွဲ့ဝင်တွေဆီ၊ ပျူရွာတွေဆီကို ရောက်မှာကြောင့်ပဲဖြစ်ဖြစ် လမ်းတွေပိတ်ထားတယ်ဆိုရင်၊ ကုန်ပစ္စည်း သယ်ယူခွင့်တွေတားမြစ်ထားတယ် ဆိုရင် သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ရှင်းလင်းပြောပြသင့်ပါတယ်။

လက်ရှိအချိန်မှာ အင်တာနက်လိုင်းက နေရာတိုင်းမရတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေအဆင့်ဆင့်က အောက်ခြေအထိ ရှင်းပြသင့်ပါတယ်။

ရှင်းပြတဲ့နေရာမှာ  လုပ်ဆောင်ရတဲ့ အကြောင်းတွေ၊ မလုပ်ဆောင်ခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း သေချာရှင်းလင်းသင့်ပါတယ်။

ဥပမာအားဖြင့် ပျူရွာတွေကို ရိက္ခာဖြတ်တောက်ဖို့ ကုန်ပစ္စည်းသယ်ယူခွင့်ကို ကန့်သတ်ထားတယ်ဆိုရင် ပျူရွာတွေကို ရိက္ခာရောက်သွားတာဟာ တော်လှန် ရေးအတွက် ဘယ်လောက်နစ်နာကြောင်း ၊ ပျူစောထီးတွေ ရိက္ခာတွေလုံလောက်လာရင် ဘယ်လောက်အန္ဒရာယ်များကြောင်း ပြောပြပြီး ရိက္ခာကန့်သတ်မှုအတွက် ထိခိုက်တဲ့ပြည်သူတွေကို သည်းခံပေးကြဖို့ မေတ္တာရပ်ခံတာမျိုး ပြုလုပ်သင့်ပါတယ်။

ဒါ့အပြင် ကိုယ့်ပြည်သူတွေအတွက် ကြားထဲမှာ အဆင်ပြေအောင် ဘယ်လိုနည်းလမ်းတွေသုံးမလဲဆိုတာကိုလည်း စဥ်းစားကြရမှာဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ ပြည်သူတွေဒီလိုဒဏ်တွေခံကြရတာ အဆန်းတော့မဟုတ်ပါ။ တော်လှန်ရေးတစ်ရပ်ဆင်နွဲခဲ့တဲ့ နိုင်ငံတိုင်း၊ ပြည်တွင်းစစ်ဖြစ်တဲ့ နိုင်ငံကပြည်သူတိုင်း ဒီလိုဒဏ်တွေကို ခံစားခဲ့ကြရတာဖြစ်ပါတယ်။ တော်လှန်ရေးကာ လအချိန်ကြာလေ ပြည်သူတွေမှာ ပိုခံရလေဖြစ်ပါတယ်။

ကျနော်တို့ ယခုလက်ရှိဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေးဟာ ပြည်သူတစ်ရပ်လုံးပါ ဝင်တဲ့ ပြည်သူ့တော်လှန်ရေးကြီးဖြစ်ပါတယ်။ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့ ပြည်သူတိုင်းနီးပါးက တော်လှန်နေတဲ့ တော်လှန်ရေးဖြစ်ပါတယ်။

နိုင်ငံအတွင်းက ပြည်သူတစ်ဦးချင်းစီဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်နေတဲ့ ရဲဘော်တွေပဲဖြစ်ပါတယ်။

ရေပေါ်ဆီလူတန်းစားတွေကလွဲရင် ကျနော်တို့ပြည်သူအများစုဟာ တော်လှန်ရေးမှာပါဝင်ပါတ်သက်သူတွေဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့လည်းကြားညှပ်တယ်ဆိုတဲ့ အတွေးမျိုး မတွေးစေချင်ပါဘူး။ ကျနော်တို့ဟာ စစ်အာဏာရှင်အမြစ်ပြတ်ဖို့၊ ကိုယ်အလိုရှိတဲ့ နိုင်ငံတစ်ခုကိုတည်ဆောက်ဖို့ ပေးဆပ်ရင်းနှီးနေကြရတာဖြစ်ပါတယ်။
#တက်နေထွန်း

error: Content is protected !!