Home > သတင်း > စစ်ရေး > မကွေးတိုင်းနှင့် ချင်းပြည်နယ် မြို့နယ်တချို့ အင်တာနက် ဖြတ်တောက်ခံရ

မကွေးတိုင်းနှင့် ချင်းပြည်နယ် မြို့နယ်တချို့ အင်တာနက် ဖြတ်တောက်ခံရ

မကွေးတိုင်းမြောက်ပိုင်းက ယောဒေသနှင့် ချင်းပြည်နယ်က မြို့နယ်တွေကို စစ်ကောင်စီက စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ အင်တာနက် ဖြတ်တောက်လိုက်ပြီဖြစ်ပါတယ်။ အင်တာနက် ဖြတ်တောက်မယ်ဆိုတဲ့သတင်းကို ညနေခင်းကတည်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေခဲ့တာပါ။

မကွေးတိုင်းအတွင်းက ယောဒေသဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တွေနှင့် ချင်းပြည်နယ်အတွင်းက ဟားခါးမြို့ကလွဲရင် ကျန်တဲ့ ၈ မြို့နယ်စလုံးမှာ ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။

“အင်တာနက်က 2 G ပဲရတော့တယ်။ ၅ နာရီလောက်ကမှ ဖြတ်တာ။”လို့ ဂန့်ဂေါမြို့နယ်ရှိ ယောလူမျိုးတဦးက ပြောပါတယ်။

ဒါ့အပြင် မင်းတပ်၊ တီးတိန်၊ မတူပီစတဲ့မြို့နယ်တွေမှာလည်း အင်တာနက်ပြတ်သွားပြီလို့ သိရပြီး ကျန်တဲ့မြို့နယ်တွေတော့ စုံစမ်းလို့မရသေးပါဘူး။

“မင်းတပ်မှာတော့ မြို့နယ်တွင်း မှတ်ပုံတင်ထားတဲ့ ကဒ်တွေ အင်တာနက်မရတော့ဘူး။”လို့ မင်းတပ်ဒေသခံ တဦးက ပြောပါတယ်။

အင်တာနက်ဖြတ်မယ့်ကိစ္စနဲ့ပတ်သက်လို့ “ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီ၊ မင်းတပ်၊ တွန်းဇံ စတဲ့မြို့တွေမးနှင့် မကွေးတိုင်းအတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ မြိုင် စတဲ့မြို့နယ်တွေကို တနာရီအတွင်း အင်တာနက်ဖြတ်မယ်”လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အင်တာနက်ဖြတ်တောက်လိုက်တဲ့အတွက် အဆိုပါဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တာတွေ ပြုလုပ်လာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ တပတ်ကစတင်ကာ စစ်ကိုင်းတိုင်းအတွင်းက ကနီ၊ ပုလဲ၊ ယင်းမာပင်၊ အရာတော်၊ ဝက်လက်၊ ဘုတလင် စတဲ့မြို့နယ်တွေနှင့် မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့ကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားပါတယ်။ အဆိုပါဒေသတွေမှာ‌တော့ စစ်ကောင်စီအကြမ်းဖက်တပ်က စစ်အင်အားတိုးချဲ့တာတွေ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ကျူးလွန်နေပါတယ်။

#မျက်မှောက်ခေတ် #အင်တာနက်ဖြတ်တောက် #မကွေးတိုင်း #ချင်းပြည်နယ်

error: Content is protected !!