Home > သတင်း > စစ်ရေး > ကျီကုန်းရွာမီးရှို့ခံရမှု နေအိမ် ၁၁ လုံးအပြင် စပါးတင်းပေါင်းထောင်နဲ့ချီ မီးလောင်ဆုံးရှုံး

ကျီကုန်းရွာမီးရှို့ခံရမှု နေအိမ် ၁၁ လုံးအပြင် စပါးတင်းပေါင်းထောင်နဲ့ချီ မီးလောင်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စု၊ ကျီကုန်းကျေးရွာက နေအိမ်တချို့ကို စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီခန့်အချိန်က စစ်ကောင်စီအကြမ်းဖက်တပ်ကနေ ရွာထဲဝင်လာပြီး မီးရှို့တာ‌တွေ ပြုလုပ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၁၁ လုံးမီးလောင်ပျက်စီးခဲ့ပြီး စပါးတင်းပေါင်း ထောင်နဲ့ချီကာ ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်အများစုက NLD ပါတီဝင်တွေနှင့် ပါတီကို ထောက်ခံဝန်းရံသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

မီးရှို့ခံရတဲ့ကျေးရွာက တန့်ဆည်မြို့နဲ့ ၇ မိုင်ဝန်းကျင်ဝေးကွာပြီး ရေဦးမြို့နယ်စပ်မှာရှိတယ်လို့ ဆိုပါတယ်။ မနေ့က ရဲမေမိသားစု ၅ ဦးအသတ်ခံရပြီး အိမ်မီးရှို့ခံရတဲ့ကိစ္စနဲ့ ဆက်စပ်တယ်လို့လည်း ဆိုပါတယ်။ အဆိုပါနေအိမ်မှာ သမီးက တန့်ဆည်ရဲစခန်းနှင့် သမီးကြီးရဲ့ ယောက်ျား သမက်ဖြစ်သူတို့က ကံထူးမရဲစခန်းမှာ တာဝန်ကျနေတယ်လို့ သိရပါတယ်။ ဒလန်မိသားစုသတင်းပေးတာကြောင့် အခုလို မီးရှို့ခံရတာလို့လည်း ဆိုပါတယ်။

ကျီကုန်းရွာက တောင်ရွာ၊ မြောက်ရွာရှိပြီး အခုမီးရှို့ခံရတာက တောင်ရွာမှာဖြစ်တယ်လို့ သိရပါတယ်။ နှစ်ရွာပေါင်းမှ အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ရွာငယ်တခုလည်း ဖြစ်ပါတယ်။

တန့်ဆည်မြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း ကာပေါင်းကျကျေးရွာကို စစ်ကောင်စီအကြမ်းဖက်တပ်က ဝင်ရောက်ပြီး အိမ်တွေမီးရှို့ခဲ့လို့ နေအိမ် ၅ လုံးထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ ဒါ့အပြင် အပြစ်မဲ့ အရပ်သား ၆ ယောက်လည်း အကြောင်းမဲ့ ပစ်သတ်ခံခဲ့ကြရပါသေးတယ်။ စစ်ကောင်စီအကြမ်းဖက်တပ်က တန့်ဆည်မြို့နယ်ကို နည်းလမ်းမျိုးစုံသုံးပြီး ဖိနှိပ်နေသလို တခြားဒေသတွေမှာလည်း နေ့စဉ်နဲ့အမျှ နေအိမ်မီးရှို့ခံနေရပြီး လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု စတဲ့ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေကြပါတယ်။

#မျက်မှောက်ခေတ် #ကျေးရွာမီးရှို့ #ကျီကုန်း #တန့်ဆည်မြို့နယ် #စစ်အာဏာရှင်ဆန့်ကျင်ရေး

error: Content is protected !!