Home > အယ်ဒီတာအာဘော် > တာဝန်ရှိသူတွေ တာဝန်မပေါ့စေချင်…။

တာဝန်ရှိသူတွေ တာဝန်မပေါ့စေချင်…။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်နဲ့ မလှမ်းမကမ်းတွင် ဝင်းခြံခတ်ရာကနေ မြေဂရံလက်ဝယ်ရှိသူနှင့် ဒေသခံတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားပြီး လူနှစ်ဦး သေဆုံးတဲ့အထိ အုပ်စုနှစ်ခု အဓိကရုန်းဖြစ်ပွားခဲ့တာ အားလုံးအသိပင်ဖြစ်သည်။ ဒါတွေသည် လူတွေရဲ့ တွေးခေါ်ဆင်ခြင်မှု အားနည်းတာ၊ ပြဿနာကို အေးအေးချမ်းချမ်း တွေ့ဆုံဖြေရှင်းတတ်သည့် အလေ့အကျင့်နည်းပါးတာ၊ တာဝန်ရှိသူတွေ တာဝန်ပေါ့လျော့တာတွေကနေ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ရတာလို့ သုံးသပ်ကြည့်နိုင်သည်။

            ပြဿနာတွေသည် ဖြစ်တော့ ဖြစ်ခဲ့ပြီးနေပြီဖြစ်သည်။ နောက်ထပ် အလားတူပြဿနာတွေ မဖြစ်ပေါ်အောင် ပြဿနာဖြစ်နိုင်ခြေများသည့် ရင်းမြစ်တွေ၊ အကြောင်းအရာတွေ၊ ကိစ္စရပ်တွေကို တာဝန်ရှိသူ အဆင့်ဆင့်က ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားသင့်သည်။ ဒါမှသာ မလိုလားအပ်တဲ့ ပြဿနာတွေကို လျှော့ချနိုင်မှာဖြစ်သလို အကယ်၍ဖြစ်လာခဲ့သည့်တိုင် ဆုံးရှုံးနစ်နာမှုတွေလည်း နည်းမှာဖြစ်သည်။

            ခြံခတ်ရာကနေ လူနှစ်ယောက်သေတဲ့အထိ ဖြစ်သွားရတဲ့ ကိစ္စသည် မုံရွာမြို့အတွက် အင်မတန် အရုပ်ဆိုးအကျည်းတန်သည်။ အထူးသဖြင့် တိုင်းဒေသကြီး အစိုးရရုံးစိုက်ရာမြို့မှာ ဖြစ်သည့်အတွက် ပို၍ ပို၍ အရုပ်ဆိုးအကျည်းတန်သည်ဟု မြင်မိသည်။ ယင်းဖြစ်စဉ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးကို အဓိက တာဝန်ယူဖြေရှင်းနေရသည့် ရဲတပ်ဖွဲ့အနေနဲ့လည်း အချိန်မှီရောက်မလာခြင်းကလည်း နှစ်ဖက်ပြဿနာကို ပိုမိုကြီးထွားခွင့်ရစေခဲ့သည့် အချက်တစ်ချက်ပင်ဖြစ်သည်။ ဖြစ်စဉ်အပေါ်တွင်လည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ အစိုးရတို့အနေဖြင့် အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်မှု အားနည်းသည်။ အခင်းဖြစ်ပွားရာနေရာကို ဝန်ကြီးချုပ်သွားရောက်စဉ် သတင်းမီဒီယာများက သွားရောက်သတင်းရယူရာတွင်လည်း တိုက်ရိုက် ထုတ်လွှင့်ချက်ကဲ့သို့သော သတင်းရယူမှုတွေမှာ ပိတ်ပင်တားဆီးခံခဲ့ရသည်။ ဒါသည် ပွင့်လင်းမြင်သာမှုဖြစ်စဉ်ကို အားနည်းစေသည်။ တနည်းဆိုရသော် အများပြည်သူ သတင်းသိရှိပိုင်ခွင့် (Rights To Information) ကို ဆန့်ကျင်ရာ ရောက်စေသည်။ 

            ထို့အပြင် ယင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းအချက်အလက်များကို သတင်းမီဒီယာများက ဆက်လက်ဖော်ပြနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို ဖုန်းဖြင့်သော်လည်းကောင်း၊ လူကိုယ်တိုင် သော်လည်းကောင်း သွားရောက် မေးမြန်းကြရာတွင်လည်း အချက်အလက် တောင်းယူကြည့်ရှု့ပိုင်ခွင့် (Access to Information) တွေ ဆုံးရှုံးရပြန်သည်။ နောက်ဆုံး သက်ဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိတစ်ဦးကိုယ်တိုင်က “လတ်တလော သတင်းမရေးသားစေချင်သေးဘူး။ လုပ်စရာကွင်းဆက်တွေ ပြတ်သွားမှာ စိုးရိမ်တယ်။ ခုတလော ခင်ဗျားတို့တောင် စခန်းကို မလာတာကောင်းတယ်” ဆိုပြီး ပြောဆိုဟန့်တားမှုတွေကို သတင်းမီဒီယာသမားတွေ ကြုံတွေ့ကြရသည်။ ရဲတပ်ဖွဲ့၏ လုပ်ငန်းစဉ်များကို သတင်းမီဒီယာသမားတွေအနေနဲ့ နားလည်ပေးနိုင်သည်။ သို့သော် ပြောလို့ရတဲ့အပိုင်းတွေလည်း ရှိပေမည်ဖြစ်သည်။ လူအများစိတ်ဝင်စားမှုရှိသော သတင်းတွေ၊ အများပြည်သူလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်သော ကိစ္စရပ်တွေအတွက် သတင်းအချက်အလက်တွေကို ပြည်သူထံ အဆက်မပြတ် တင်ဆက်ပေးရမှာကလည်း သတင်းမီဒီယာများ၏ တာဝန်ဖြစ်သည်။ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမမှီရင် သို့လော သို့လော ကဲ့သို့ ဝိဝါဒမကွဲပြားဘဲ နီးစပ်ရာက ရရှိသည့်အချက်တွေကိုသာ အမှန်ယူဆသွားနိုင်သည်။ ဒါ့ကြောင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ သို့မဟုတ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့မဟုတ် အစိုးရ အနေဖြင့် ဖော်ပြနိုင်သော သတင်းအချက်အလက်များကို သတင်းစာရှင်းလင်းပွဲ (Press Conference) တွေ ပြုလုပ်ပေးဖို့ လိုအပ်သည်။

            စစ်ကိုင်းတိုင်းအစိုးရအဖွဲ့သည် ထူးခြားဖြစ်စဉ်အပါအဝင် တခြားကိစ္စရပ်များတွင် သတင်းထုတ်ပြန်မှု အားနည်းသည်။ နှောင့်နှေးကြန့်ကြာတာကို တွေ့ရှိရသည်။ ၂၀၁၆-၂၀၂၀ ကာလအတွင်း ရေမည်းပြဿနာ၊ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်မြုပ်မှုတို့ကလွဲရင် ထူးခြားဖြစ်စဉ်များအပေါ် အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးမှု အားနည်းသည်။ အစိုးရ၏ ၅ နှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်ကိုတောင် သတင်းစာရှင်းလင်းပွဲ လုပ်ပေးနိုင်ခြင်းမရှိပေ။ အလားတူ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သည့် အများပြည်သူစိတ်ဝင်စားရာ ချင်းတွင်းသင်္ကြန်ကိစ္စများအတွက် သတင်းစာရှင်းလင်းပွဲ လုပ်ပေးခြင်း မရှိပေ။ ဒါကလည်း သတင်းမီဒီယာသမားတွေက မတောင်းဆိုလို့၊ သတင်းမီဒီယာကဏ္ဍက အရေးမပါလို့ဆိုပြီး ထင်မြင်ယူဆတာလည်း ဖြစ်နိုင်သည်။ အစိုးရသည် သတင်းမီဒီယာက တောင်းဆိုသည်ဖြစ်စေ မတောင်းဆိုသည်ဖြစ်စေ အသိပေး ရှင်းလင်းရမည့်ကိစ္စကို အချိန်မဆိုင်းဘဲ ရှင်းလင်းဖော်ပြပေးရမည်ဖြစ်သည်။

ဒီမိုကရေစီအစိုးရအဖြစ် ကြွေးကြော်ထားသည့် ပြည်သူကို ကိုယ်စားပြုသော အစိုးရတစ်ရပ်အနေဖြင့် မဏ္ဍိုင်ကြီး ၃ ရပ်ကဲ့သို့ သတင်းမီဒီယာကဏ္ဍကလည်း စတုတ္ထမဏ္ဍိုင်အဖြစ် တည်ရှိနေသည်ကို လက်ခံနားလည်ပြီး အာဏာရှင်အစိုးရ၊ ဗျူရိုကရက်တွေလို သတင်းမီဒီယာကို ရန်သူကဲ့သို့ ထင်မြင်နေမှုမျိုး မယူဆသင့်တော့ပေ။ သတင်းမီဒီယာများသည် တိုင်းပြည်တည်ဆောက်ရေးတွင် မလျော်ကန် လွဲချော်နေသည့်ကိစ္စရပ်များကို၊ တာဝန်ရှိသူတွေ တာဝန်မပေါ့အောင် တဖက်တလမ်းက ဝေဖန်ထောက်ပြခြင်းဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။ မကြာတော့သည့်ကာလတွင် တာဝန်ယူတော့မည့် နောက်အစိုးရသက်တမ်းတွင်တော့ သတင်းအချက်အလက် အချိန်နဲ့တပြေးညီ ထုတ်ပြန်ရေး၊ အစိုးရနှင့် မီဒီယာဆက်ဆံရေး စသည့် သတင်းမီဒီယာကဏ္ဍအတွက်လည်း ထည့်သွင်းစဉ်းစားလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း…….။

အယ်ဒီတာအာဘော်

error: Content is protected !!