Home > အယ်ဒီတာအာဘော် > “မုံရွာမြို့က ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် ပွင့်လင်းမြင်သာမှု”

“မုံရွာမြို့က ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် ပွင့်လင်းမြင်သာမှု”

အိန္ဒိယနိုင်ငံက ရရှိထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ဒီကနေ့မှာ စတင်ထိုးပေးနေပြီဖြစ်ပါတယ်။ ဒီသတင်းက ကိုဗစ်ကပ်ရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် အဖက်ဖက်က အားနည်းညှိုးငယ်နေကြချိန်မှာ ဝမ်းသာစရာသတင်းတစ်ခု၊ စိတ်ဝင်စားစရာ သတင်းတစ်ခုလည်း ဖြစ်ပါတယ်။ အစိုးရရဲ့ ကာကွယ်ဆေးထိုးအစီအစဉ်တွေအရ ဘယ်သူတွေကို ဦးစားပေးထိုးမယ်ဆိုတာ သိတဲ့သူ ရှိသလို သတင်းအချက်အလက် လက်လှမ်းမမှီသေးသူတွေလည်း ရှိနေပါသေးတယ်။ ဘယ်သူတွေကို စတင်ထိုးနှံပေးမယ်ဆိုတာ သိတဲ့တိုင်အောင် ဥပမာ ကျန်းမာရေးဌာနဆိုရင် ဘယ်မြို့နယ်မှာ ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်ထိုးပေးမလဲ၊ ဘယ်လိုတွေထိုးမှာလဲ စသဖြင့် လူတိုင်းသတင်းအချက်အလက် သိရှိပိုင်ခွင့် (Access to information) တွေအရ သတင်းအချက်အလက် သိချင်နေကြသူတွေလည်း ရှိနေပါသေးတယ်။

အဲဒီလိုထိုးပေးရာမှာ နေပြည်တော်အပါအဝင် တခြားသော ပြည်နယ်နှင့် တိုင်းအားလုံးက သတင်းထောက်တွေကလည်း သတင်းအချက်အလက် ရပိုင်ခွင့် (Rights to information) အရ ပြည်သူတွေစိတ်ဝင်စားတဲ့ သတင်းတွေကို သူ့ထက်ငါ ဦးအောင် တိုက်ရိုက်ထုတ်လွှင့်ချက်တွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ပြည်သူတွေ သတင်းအချက်အချိန်နဲ့တပြေးညီသိရှိစေရေးကို လုပ်ဆောင်ပေးနေကြပါတယ်။ ဒီလို လုပ်ဆောင်ပေးနေရာမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် သတင်းထောက်တွေလည်း အပါအဝင်ဖြစ်ပါတယ်။

တခြားသော ပြည်နယ်နှင့် တိုင်းတွေမှာ မီဒီယာလွတ်လပ်ခွင့်အပြည့်အဝနဲ့ အတားအဆီးမရှိ ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးသုံးကာ သတင်းတွေကို ဝေဝေဆာဆာ သူ့ထက်ငါ ဦးအောင် ဖော်ပြနိုင်ကြပေမယ့် မုံရွာမြို့က သတင်းထောက်တွေမှာတော့ အဲဒီအခွင့်အရေးတွေ မရရှိခဲ့ဘဲ ပိတ်ပင်ဟန့်တားခံခဲ့ရပါတယ်။ ဒါ့အပြင် တချို့သတင်းဌာနက သတင်းထောက်တွေမှာ “ကာကွယ်ဆေးထိုးတဲ့ သတင်းဖော်ပြရင်တောင် ကန့်ကွက်မယ်”ဆိုတဲ့ ဟန့်တားခြိမ်းခြောက်မှု၊ သတင်းမီဒီယာအပေါ် ဝင်ရောက်စွက်ဖက်မှုတွေတောင် ကြုံခဲ့ရပါသေးတယ်။ ဒီလို သတင်းရယူခွင့် ဟန့်တား ပိတ်ပင်ခံရတာက သတင်းထောက် တစ်ဦးတစ်လေ ကြုံတွေ့ရတာမျိုးမဟုတ်ဘဲ ကာကွယ်ဆေးထိုးတာကို သွားရောက်သတင်းရယူခဲ့ကြတဲ့ သတင်းထောက်အားလုံး ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့ကိစ္စက ပြည်သူတွေစိတ်ဝင်စားတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ အထူးသဖြင့် မုံရွာလို အခုရက်ပိုင်း ပိုးတွေ့လူနာများလာတဲ့အချိန်မှာ ပိုလို့ ပိုလို့ စိတ်ဝင်စားမှုရှိနေကြတာပါ။ ဒီလိုအများသူငါ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ သတင်းတွေကို ကာကွယ်ဆေးရောက်ပြီဆိုကတည်းက မုံရွာကသတင်းထောက်တွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဘယ်လောက်ရောက်သလဲ၊ ဘယ်ချိန်ရောက်သလဲ၊ ဘယ်လို ဖြန့်ဝေမလဲ၊ ဘယ်ချိန်ထိုးမှာလဲ၊ ဘယ်နေရာမှာထိုးမှာလဲ စသဖြင့် ဘ ၆ လုံးအတိုင်း မေးမြန်းဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ရောက်တာမှန်တယ်ဆိုတာကလွဲရင် တိကျတဲ့အဖြေ တစ်ခုမှ မရခဲ့ပါဘူး။ တစ်ချို့ ဖုန်းလက်ခံဖြေကြားတာတွေတောင် မရှိခဲ့ပါဘူး။ ဒီကာလမှာ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေ အလုပ်ရှုပ်နေမယ်ဆိုတာ နားလည်ပေမယ့် တဖက်က သတင်းအချက်အလက် ရယူပိုင်ခွင့်၊ သိရှိပိုင်ခွင့်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပြီး ကိုယ်တိုင်မဖြေကြားနိုင်ရင်တောင် ဖြေကြားပေးနိုင်သူတွေ၊ အလွယ်တကူ သတင်းအချက်အလက် ရယူနိုင်မယ့် နည်းလမ်းတွေကို ထားရှိပေးရမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကျန်းမာရေးဌာနက မုံရွာက သတင်းမီဒီယာလောကမှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့တောင် ပြောနိုင်ပါတယ်။ သတင်းရယူခွင့်နဲ့ပတ်သက်လို့ တချို့သော ဝန်ထမ်းတွေက ဖြေကြားပေးချင်ရင်တောင် အထက်လူကြီကို ကြောက်ရတဲ့အတွက် မဖြေကြားပေးနိုင်တာမျိုးတွေလည်း ရှိပါတယ်။ အရင်ကလည်း ကျန်းမာရေးကိစ္စတွေအတွက် မေးမြန်းလိုတာတွေ ရှိပေမယ့် သွားမေးတိုင်း မရတာကများလို့ သတင်းထောက်တွေ ရှောင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ မလွှဲသာ မရှောင်သာ အနေအထားမျိုးမှသာ သွားကြတာဖြစ်ပါတယ်။ ဒီနေ့ဖြစ်စဉ်ကလည်း မလွှဲသာ မရှောင်သာလို့သာ သွားရောက်သတင်းရယူကြခြင်းမျိုးသာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်ပဲ တိုင်းကျန်းမာက ညွှန်ကြားရေးမှူးကို လွှတ်တော်ရဲ့ ပညာ၊ ကျန်းမာကော်မတီက အရေးယူပေးဖို့ မေးခွန်းမေးရတဲ့အထိ ဖြစ်လာတာပဲဖြစ်ပါတယ်။ တာဝန်ပေါ့လျော့မှုများတာ၊ အစိုးရကို သတင်းတွေ လိမ်နေတာ၊ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေကြောင့် ဝန်ကြီးဌာနအနေနဲ့ အရေးယူပေးဖို့ တိုင်းအစိုးရကတောင် ပြည်ထောင်စုကို တင်ပြထားရတာလည်း ဖြစ်ပါတယ်။

သတင်းမီဒီယာရဲ့ အခန်းကဏ္ဍက ဒီမိုကရေစီအသွင်ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာက ပြည်သူတွေ သိသင့် သိထိုက်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတာဖြစ်လို့လည်း ပြည်သူတွေရဲ့ နား၊ မျက်စိအဖြစ် တင်စားခံထားရတာဖြစ်ပါတယ်။ ဒါကြောင့် သတင်းရယူခွင့်တွေ ပိတ်ပင်ခံရတာ၊ သတင်းအချက်အလက် မပေးတာတွေက ပွင့်လင်းမြင်သာမှုကို အားနည်းစေသလို ဒီမိုကရေစီလမ်းကြောင်းကိုလည်း သွေဖယ်ရာရောက်စေပြီး ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေကိုလည်း ပိတ်ရာရောက်တဲ့အတွက် ဒီမိုကရေစီရှင်သန်အားကောင်းဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ဖန်တီးပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်းကို မျက်မှောက်ခေတ်က ရှုမြင်သုံးသပ် ဖော်ပြလိုက်ပါတယ်။

မျက်မှောက်ခေတ်၊ အယ်ဒီတာ့အာဘော်

error: Content is protected !!