Home > သတင်း > ကျန်းမာရေး > ရိဒ်ရေကန် သန့်ရှင်းသာယာလှပရေး ကျပ်သိန်း ၅၀၀ အကုန်အကျခံ ဆောင်ရွက်မည်

ရိဒ်ရေကန် သန့်ရှင်းသာယာလှပရေး ကျပ်သိန်း ၅၀၀ အကုန်အကျခံ ဆောင်ရွက်မည်

အသည်းပုံရေကန်လို့ နာမည်ကြီးတဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့မှာရှိတဲ့ ရိဒ်ရေကန်ကို သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်စည်ပင်ရန်ပုံငွေကနေ ငွေကျပ်သိန်းပေါင်း ၅၀၀ အကုန်ကျခံကာ ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ နဲ့ ရိရေကန်ဆိုင်းဘုတ် စိုက်ထူတာ၊ ရေကန်ပတ်လမ်းမှာ ပန်းအလှခုံတွေပြုလုပ်တာ၊ ရေကန်ပတ်လမ်း ပြုပြင်တာနှင့် ရေကန်လမ်းရှိ လိုအပ်တဲ့နေရာတွေမှာ ရေကျော်ပြွန်ငယ်လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

“အဲဒီလုပ်ငန်းတွေ အတည်ပြု လျာထားပြီးသားဖြစ်တယ်။ ခွင့်ပြုပြီးသားလည်းဖြစ်တယ်။ ရိဒ်ရေကန် View Point နေရာဖော်ဖို့က လုပ်ဖို့ အဆင့်ဆင့် ဘတ်ဂျက်တင်ပြ တောင်းခံမယ်။ ရိဒ်ရေကန်သာယာရေးအတွက် လုပ်ငန်းတွေဆောင်ရွက်ဖို့ အခု ၂၀၂၁ ခုနှစ် နှစ်စပိုင်းမှာ စလုပ်မယ်။ ဒီဘဏ္ဍာရေးနှစ်မှာ အပြီးလုပ်မယ်။”လို့ ရိဒ်ခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က ပြောပါတယ်။

ရိဒ်ရေကန်သန့်ရှင်းသာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ခရီးသွားတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ကာ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

“ရိဒ်မှာလဲ ခရီးသွားလုပ်ငန်းတွေ ပိုပြီးအဆင်ပြေအောင်ဆောင်ရွက်နိုင်ဖို့ဆိုပြီး ခရီးစဉ်ဒေသစီမံ ခန့်ခွဲရေး DMO (Destination Management Organization) အဖွဲ့ကို ဇန်နဝါရီလ ၁ ရက်နေ့က ဖွဲ့လိုက်တယ်။ ဖွဲ့ပြီးအစည်းအဝေးလေးလုပ်လိုက်တယ်။ အဓိကတော့ ရိဒ်ရေကန်အခြေပြု ခရီးသွားလုပ်ငန်းတွေ ပိုပြီးတော့ အဆင်ပြေ ချောမွေ့ တိုးတက်လာအောင် ဆောင်ရွက်တာပေါ့။ ရိဒ်ရေကန် ပိုမိုသန့်ရှင်း သာယာလှပလာမယ်။ ဒါပြီး View point လဲရှိလာတော့ လာရောက်လည်ပတ်လေ့လာမယ့် အပန်းဖြေမယ့်သူတွေ ပိုများလာတော့ ခရီးသွားတွေလဲပိုလာမယ်။ ဒေသအတွက် အကျိုးအများကြီးရှိမှာပါ။”လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှုးက ဆက်ပြောပါတယ်။

ရေကန်သန့်ရှင်းသာယာလှပရေးအပြင် ရှုခင်းသာ View Point အသစ်ဆောက်လုပ်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ဘတ်ဂျက်နဲ့ လျာထားပြီး လုပ်ဆောင်နိုင်ဖို့လည်း စီစဉ်နေပါတယ်။

မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက်ရှိ ချင်းပြည်နယ်ရဲ့ အမှတ်သင်္ကတနှင့် အထင်ကရ နေရာဒေသတစ်ခုဖြစ်တဲ့ အသည်းနှလုံးပုံသဏ္ဍာန် ရိဒ်ရေကန်မှာ နှစ်စဉ် အိန္ဒိယနိုင်ငံ၊ မီဖိုရမ်ပြည်နယ်ဘက်က ပုံမှန်လာရောက်ကြပြီး ပြည်တွင်းကလာရောက်သူတွေလည်း တစ်နှစ်ထက်တစ်နှစ် များလာကာ တစ်နှစ်ကို ထောင်နဲ့ချီ လာရောက်တတ်တယ်လို့ ရိခေါ်ဒါရ်မြို့၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန့်လျန်နာကပြောပါတယ်။

အခုနှစ်မှာတော့ ကိုဗစ်ကြောင့် ရိဒ်ရေကန်မှာ လာရောက်လည်ပတ်သူ မရှိသလောက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဒီနှစ် ဆောင်းရာသီကာလမှာ အအေးပိုလာတဲ့အတွက် ကန်ရေနောက်တာကလည်း အရင်နှစ်ထက် ပိုနောက်ခဲ့ပါတယ်။ ရိဒ်ရေကန်ရဲ့ ထူးခြားချက်တစ်ခုဖြစ်တဲ့ နှစ်စဉ်မပျက် ကန်ရေနောက်တာက ဒီဇင်ဘာလလည်ကစပြီး နောက်ကျိတတ်ကာ ဖေဖေါ်ဝါရီလကုန်မှာတော့ ပုံမှန် ရေပြန်ကြည်လာတတ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရိဒ်ရေကန်ကို လေ့လာရေး၊ ပျော်ပွဲရွှင်ပွဲ၊ အပန်းဖြေခရီးနဲ့ မိသားစုအလိုက် သော်လည်းကောင်း၊ အဖွဲ့အစည်း၊ ကျောင်း၊ တက္ကသိုလ်အဖွဲ့လိုက်နဲ့ သော်လည်းကောင်း၊ ခရီးသွားလုပ်ငန်းရဲ့ စီစဉ်မှုနဲ့ သော်လည်းကောင်း နှစ်စဉ်နဲ့အမျှ လာရောက်လည်ပတ်သူ ပိုမိုများပြားတဲ့ နေရာတစ်ခု ဖြစ်လာကာ ပြည်တွင်းတင်မက ပြည်ပခရီးသွားတွေလည်း စိတ်ဝင်စားတဲ့ နေရာတစ်ခု ဖြစ်လာနေပါတယ်။

ပိုတေး

error: Content is protected !!