Home > သတင်း > ကျန်းမာရေး > မုံရွာတွင် ဆေးကုသမှုခံယူနေသူ ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး

မုံရွာတွင် ဆေးကုသမှုခံယူနေသူ ကိုဗစ်ပိုးတွေ့လူနာတစ်ဦး ထပ်မံသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံမှာ ဇန်နဝါရီလ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာတစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောပါတယ်။ အဲဒီသေဆုံးလူနာက နဂိုကတည်းက ရောဂါအခံရှိသူဖြစ်ပြီး မြောင်မြို့နယ်ကနေ လာရောက်ဆေးကုသမှုခံယူနေသူ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

“သေဆုံးတဲ့လူနာက မုံရွာကတော့မဟုတ်ပါဘ။ မြောင်မြို့နယ်ကပါ။ မြောင်မြို့နယ်မှာပဲ ပိုးတွေ့ခဲ့တာ။ သူကမြောင်မြို့ဆေးရုံကနေ မုံရွာမြို့ပြည်သူ့ဆေးရုံကို လွှဲပြောင်းပေးတဲ့အမျိုးသမီးပါ။ သူ့မှာ ဆီးချိုအခံရောဂါရှိတယ်။ မုံရွာဆေးရုံမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆေးကုသမှုခံယူနေသူပါ။ ဒီကနေ့မနက်က ဆုံးသွားတာ။”လို့ မုံရွာမြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးအာကာမြင့်ကပြောပါတယ်။

အဲဒီသေဆုံးလူနာအလောင်းကိုတော့ ဒီကနေ့ မနက်ပိုင်းက ချက်ချင်း မုံရွာမြို့နယ် ဆားကျင်းသုသာန်မှာ မီးသင်္ဂြိုလ်ခဲ့တာပါ။ မုံရွာမြို့မှာ ကိုဗစ်ကြောင့် သေဆုံးလူနာ ၃ ဦးရှိပြီး အဲဒီထဲမှာ ယင်းမာပင်မြို့နယ်က ၁ ဦးနှင့် မြောင်မြို့နယ်က ၁ ဦးတို့လဲပါဝင်ပါတယ်။ မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၂၁ ဦးရှိပြီးအဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၉၉ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိိုဗစ်ကြောင့် သေဆုံးလူနာ ၁၆ ဦးရှိပြီး အဲဒီအထဲမှာ ကလေး ၅ ဦး၊ စစ်ကိုင်း ၃ ဦး၊ ရွှေဘို ၂ ဦး၊ မုံရွာ ၃ ဦး၊ ကန့်ဘလူ ၁ ဦး၊ ယင်းမာပင် ၁ ဦးနှင့် အရာတော် ၁ ဦးတို့ဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၃၄ မြို့နယ်မှာ ပိုးတွေ့လူနာ ၁၈၂၉ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၅၇၉ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!