Home > သတင်း > တရားဉပဒေစိုးမိုးရေး > လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အောက်မေ့ဖွယ်ပွဲအတွက် မြို့နယ်စီခန့်က ခွင့်မပြု

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း အောက်မေ့ဖွယ်ပွဲအတွက် မြို့နယ်စီခန့်က ခွင့်မပြု

မုံရွာအခြေစိုက် အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတာ ဒီဇင်ဘာလ ၁၃ ရက်နေ့ဆိုရင် ၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ယနေ့အထိလည်း တရားခံဘယ်သူဘယ်ဝါဖြစ်တယ်၊ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (Sagaing Region Journalist Network – SRJN) ကနေ အမှုမှန်ပေါ်ပေါက်ရေး အောက်မေ့ဖွယ်ပွဲ ပြုလုပ်ဖို့အတွက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ငြိမ်းစုစီသွားတင်ရာမှာ ကိုဗစ်အကြောင်းပြချက်နဲ့ ခွင့်မပြုပေးခဲ့ပါဘူး။

“ကျွန်တော်တို့ စာသွားတင်တယ်။ ခဏစောင့်ခိုင်းတယ်။ မြို့နယ်ထွေအုပ်ကို ဖုန်းဆက်တယ်ထင်ပါတယ်။ ကျွန်တော်တို့ကိုပြန်ပြောတာက ကိုဗစ်ကာလမို့ ငြိမ်းစုစီနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ခွင့်မပြုဘူးလို့ ပြောတယ်။ အကုန်လုံးပေါ့။ ငြိမ်းစုစီတင်တာတွေ မြို့နယ်ထွေအုပ်ရုံးကနေ ခွင့်မပြုဘူးလို့ အဲလိုပြောတယ်။ ခွင့်မပြုဘူးဆိုတော့ ဒီတိုင်းပဲ ပြန်ခဲ့တယ်။ ရဲကတော့ တာဝန်ကျ ရဲဝန်ထမ်းပဲ တွေ့ခဲ့တယ်။ မြို့နယ်ရဲမှုး မတွေ့ခဲ့ရဘူး။”လို့ ငြိမ်းစုစီသွားတင်ခဲ့သူ SRJN ရဲ့ ပြန်ကြားရေးတာဝန်ခံ သတင်းထောက် ကိုအောင်ကျော်ညွန့်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (Sagaing Region Journalist Network – SRJN) အနေနဲ့ အရင်နှစ်တွေလို ချီတက်လမ်းလျှောက် ဆုတောင်းပွဲပြုလုပ်တာတွေ မလုပ်ဘဲ ကိုဗစ်ကာလဖြစ်တဲ့အတွက် ကျန်းမာရေးစည်းကမ်းနဲ့အညီ မြို့တော်ခန်းမရှေ့မှာ သတင်းထောက်တွေစုပြီး အမှုမှန်ဖော်ထုတ်ပေးရေးဆိုပြီး အောက်မေ့ဖွယ်အနေနဲ့လုပ်မလို့ စီစဉ်ထားတာပါ။ အခုလို ခွင့်ပြုချက်မပေးတဲ့အပေါ်မှာတော့ မဖြစ်သင့်ဘူးလို့ အလဲဗင်းသတင်းဌာနက မန္တလေးအခြေစိုက် အကြီးတန်းသတင်းထောက်ဖြစ်သူ ကိုဌေးလှအောင်ကလည်း ပြောပါတယ်။

“ဒါမဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါက လူစုလူဝေးအများကြီးနဲ့ လျှောက်သွားပြီးတော့ စီတန်းလှည့်လည်တာမဟုတ်ဘူး။ ဒီကိစ္စထက်ဆိုးတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးလုပ်တာတွေ ရှိတယ်။ ရွေးကောက်ပွဲပြီးတော့လည်း အောင်ပွဲခံတာတွေ ရှိတယ်။ အဲဒီတုန်းက ဒီတိုင်းပစ်ထားပြီးတော့ အခုလူက အယောက် ၂၀ တောင်မပြည့်တဲ့ဟာလေးမှာ ခွင့်မပြုဘူးဆိုတာ ဒါက လုပ်ထုံးလုပ်နည်းအပြင်ကို အများကြီးလွဲနေတယ်။ မဖြစ်သင့်တာ။ ကျွန်တော်တို့က လုပ်မယ်ဆိုတဲ့ ကိစ္စကအမှုမှန်ပေါ်ဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့ လုပ်တဲ့ကိစ္စကိုး။ ဒါမဖြစ်သင့်တဲ့ ကိစ္စပါ။ ကိုဗစ်ကိုအကြောင်းပြရင် လူစုလူဝေးနဲ့ဖြစ်နေတာတွေကို ဘယ်လိုအကြောင်းပြမလဲ။”လို့ ကိုဌေးလှအောင်က ပြောပါတယ်။

မုံရွာမြို့နယ်က ကိုဗစ် ပိုးတွေ့လူနာရှိတာမှန်ပေမယ့် Stay at home ကြေငြာထားတာ မရှိသေးပါဘူး။ မြို့တွင်းမှာ လဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေလည်း ပုံမှန် ပြန်ဖွင့်နေပြီဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာ ငြိမ်းစုစီနဲ့အညီ ဆန္ဒဖော်ထုတ်တာတွေ စီတန်းလှည့်လည်တာတွေလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးသတင်းသမားများကွန်ရက် (Sagaing Region Journalist Network – SRJN) အနေနဲ့ ဘာဆက်လုပ်သွားမယ်ဆိုတာတော့ မသိရသေးပါဘူး။ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လုပ်သွားနိုင်ဖို့ တိုင်ပင်နေတယ်လို့လည်း သိရပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်းက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ည ၁၂ နာရီကျော်အချိန်ခန့်က မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေးမှာ မှောက်ရက်အနေအထားနဲ့ ဦးခေါင်းထိပ်ကွဲပြဲဒဏ်ရာ ၂ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာ ၁ ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ အသတ်ခံရတာနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းမှာ အခင်းဖြစ်ရာညကပဲ အမှုကြီးအမှတ်စဉ် ၁၀/၂၀၁၆၊ (ပ)၁၅၆၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ခဲ့ပေမယ့် အမှုကို ကိုင်တွယ်စစ်ဆေးခဲ့သူတွေ တချို့ သေဆုံးတာ၊ တချို့ ဖမ်းဆီးခံရတာ၊ တချို့ နယ်ပြောင်းတာတွေရှိပြီး အမှုကတော့ ထူးခြားမလာသေးပါဘူး။ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင်က ကိုစိုးမိုးထွန်းအိမ်မှာ အမှုမှန်မပေါ် ပေါ်အောင် ဖော်ဖို့ ညွှန်ကြားခဲ့ပေမယ့် အစိုးရသက်တမ်းကုန်ခါနီးတဲ့တိုင်အောင် ထူးခြားမှုမရှိသေးပဲဖြစ်နေတာပါ။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!