ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီ၀င်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်း လမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ထိုလမ်းကို ဖြတ်သန်း ခရီးနှင်ခဲ့ခြင်း ဖြစ်သည်။ ထူးခြားသည့်အချက်တစ်ခုမှာ ရွာအမည်၊ မြို့အမည်များမှာ အသံတစ်သံသာထွက်ရတဲ့ အမည်နာမတွေသာ ဖြစ်သည်။ ကျော၊ ဆော၊ ယော စသည့်အလွယ်တကူ အမှတ်ရ ခေါ်ဆိုရ လွယ်သည့် နာမည်တွေသာဖြစ်သည်။
တောင်စဉ်တောင်တန်းများကြားက ကျေးရွာများ၊ မြို့များကို ဖြတ်ကာသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တောတောင်ရေမြေအရ အမှတ်တမဲ့ကြည့်ပါက အပူအအေးမျှတမည်ဟု ထင်မှတ်ရသော်လည်း ရာသီဥတုက ပူပြင်းသည့် ရာသီမျိုးကိုသာ ခံစားရမည်ဖြစ်ည်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် လူတို့စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသစ်တောစိုက်ခင်းများအားလွန်၍ မျက်စိတဆုံး လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်ကတုံးများကို မြင်ရမည်ဖြစ်သည်။
“သစ်ပင်တွေက စကားပြောတတ်ရင် လူတွေကိုလက်အုပ်ချီပြီး တောင်းပန်မယ်ထင်တယ်။ “ကျွန်တော်တို့ကို မခုတ်ပါနဲ့”ဆိုပြီး။ လူတွေက သစ်ပင်တွေကို မညာမတာ ခုတ်ခဲ့ကြတာပဲ။ရာသီဥတုက ပိုပူလာဖို့ပဲရှိတယ်။” ကျွန်တော်တို့အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်ပြီး လေ့လာရိုက်ကူးရေးအတွက် ရိုက်ကူးရေးတာ၀န်ခံက ယဉ်မောင်ဘေးတွင် လိုက်ပါလာရင်းက အခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။
ကျွန်တော်တို့တစ်ဖွဲ့လုံး စကားစတစ်ခုရရှိသွားခဲ့ကာ ထိုလမ်းတစ်လျှောက် သစ်ထုတ်လုပ်ရေးအကြောင်း တစ်ယောက်သိထားသည်များကို တစ်ခြားသူတွေအား သိရှိနိုင်ဖို့ ခရီးသွားရင်းက ကားပေါ်တွင် ဆွေးနွေးပွဲစပါတော့သည်။ ဂန့်ဂေါ၊ကလေး လမ်းဘေးဝဲယာတွင် တစ်ချိန်တစ်ခါက သစ်တောဧရိယာ အထူထပ်ဆုံးနှင့် တောနေတောကောင်များ အသက်ရှင်ရာနေရာဖြစ်ခဲ့ကြောင်း၊ ထိုလမ်းတစ်လျှောက် တစ်ချိန်က ဆင်၊ မြင်း၊ လားများ အသုံးပြုကာ သစ်ထုတ်လုပ်ရေးလုပ်ငန်းအပြင် ခရီးသွား သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့ကြကြောင်း၊ ယင်းနောက်ပိုင်းတွင် သစ်ထုတ်လုပ်ရေး လုပ်ငန်းမှာ ကြီးမာကျယ်ပြန့်လာကာ ဆင်နှင့် စက်ယန္တရားကြီးများနှင့် ထုတ်လုပ်လာကြကြောင်း။ ထို့နောက်ပိုင်းတွင် ခရိုနီ၊ ခရိုဝါတို့၏ ချယ်လှယ်အမြတ်ထုတ်ရာနေရာတစ်ခု ဖြစ်လာခဲ့ကြောင်း၊ ဆွေးနွေးပြောဆိုခဲ့ကြသည်။ ကားပေါ်တွင် ယောဇာတိသားတစ်ဦး ပါ၀င်သည့်အတွက် ဒေသ၏ အခြေအနေအရပ်ရပ်အား ပို၍ ပြောဆိုဆွေးနွေးနိုင်သူတစ်ဦး ဖြစ်လေသည်။
“ယောတွေက စုန်းတတ်တယ်လို့ ကျွန်တော်တို့ အောက်ပြည်အောက်ရွာက ကြားဖူးတယ်ဗျ တကယ်ရောဟုတ်ရဲ့လား။”လို့ ကျွန်တော်အမေးကို အခုလိုတုံ့ပြန်လာပါတော့သည်။
“ကျွန်တော်တို့ ယောနယ်က လူရိုးတွေများပါတယ်။ အခုချိန်ထိပါပဲ။ အိမ်တစ်အိမ်မှာ ဧည့်သည်ရောက်ရင် “တို့အိမ်တော့ ဧည့်ရောက်တယ်ဟေ့”လို့ အသံပေးလိုက်ရင် ရှိရာဟင်းကိုယ်စီနဲ့ လာပို့ကြတာပါ။ အဲ့ဒီစကားလုံးမှိုင်းတိုက်တာတွေက ဒီဒေသ သစ်မှောင်ခိုအရမ်းပေါတာ ဒီဒေသကို အသွားအလာ ဟန့်တားဖို့ အခုလို မှိုင်းတိုက်ပြောဆိုတာပဲ ဖြစ်ရမယ်။ ကျွန်တော့်သက်တမ်းမှာ စုန်းတတ်တယ်။ ရွာလာရင်ပြန်လို့မရအောင် လုပ်တယ်ဆိုတာ တစ်ခါးမှ မကြုံဖူး။ မတွေ့ဖူးပါဘူးဗျာ။”
ကျွန်တော်တို့ တစ်ဖွဲ့လုံးမှာ ထိုယောဒေသခံ အိမ်တွင် နေ့လည်စာ ၀င်စားခဲ့ကြသည်။ တကယ်လက်တွေ့ကြုံလိုက်ရခြင်းမှာ အိမ်တစ်အိမ်ဧည့်သည် ရောက်ပါက နီးစပ်ရာနေအိမ်များမှာ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်အိမ်တစ်ယောက်ဆင့်ခေါ်ခဲ့လေသလားဟု ထင်ရသည်။ ကျွန်တော်တို့ရောက်ရှိသည့်နေအိမ်သို့ စုရုံး ရောက်ရှိလာကြခြင်း ဖြစ်သည်။
ဖြတ်သွားရာ လမ်းတစ်လျှောက် တစ်ချိန်တစ်ခါက သစ်တောဧရိယာ ဖုံးလွမ်းခဲ့သည် ဆိုသော်လည်း တစတစခုတ်ယူသွားခဲ့သည့် အငုံးတိုသာ ကျန်တော့သော ပင်စည်များက ခရိးသွားနေကြသည့်ကျွန်တော်တို့အား လက်ယပ်ခေါ် အကူညီတောင်းနေကြဟန်နဲ့ တစ်ရိပ်ရိပ် ကျန်ခဲ့ကြပါတော့သည်။ မြေကမ္ဘာကြီးသည် သစ်ပင်များရှိမှသာလျှင် ဆက်လက်အသက်ရှင် နိုင်မှာဖြစ်သည်။ ကမ္ဘာကြီးရှင်သန်စိမ်းလန်းရေးနှင့် လူသားများအဖို့ အသက်ရှင်သန်နေထိုင်ရေးက တိုက်ရိုက်အချိုးကျနေလျှက်ရှိသည်။ ပုံတောင် ပုံညာအရပ်က သမိုင်းကြောင်းတစ်ခုရှိထားနှင့်သည်။ ပုံတောင်မှာ ရှင်ဘုရင်များခေတ်က မင်းပြစ်မင်းဒဏ်သင့်သူတို့ ပုန်းခိုခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ ပုံညာမှာ မင်းပြစ်မင်းဒဏ်သင့်သူများ အသက်ဘေးမှ လွတ်နိုင်ဖို့အရေး နောက်ယောင်ခံဖမ်းဆီးမည့် မှူးမတ်များအား ညာကာပြန်လွတ်လိုက်သည့် အရပ်ကိုအစွဲပြုကာ ခေါ်ဝေါ်သမုတ်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။ ပုံတောင်ပုံညာအရပ်က တောင်စဉ်တောင်တန်းများပေါ် ပေါက်ရောက်နေသော ထူထပ်ပိတ်ပိန်းသည့် သစ်တောများက လာရောက်ပုန်းခိုသူတို့အဖို့ ကျောလုံစေမည်ဖြစ်သည်။ သစ်တောသစ်ပင် အရိပ်အောက်တွင် အသက်ချမ်းသာခွင့် ရကြမည်သာဖြစ်သည်။ ထို့အပြင် သစ်ပင်ဝါးပင်များ၏ မြေဆီမြေနှစ် ထိန်းသိမ်းမူ အားကောင်းခဲ့မည်ဖြစ်သည်။ သစ်တောသစ်ပင်များမှာ စိုက်ပျိုးမြေအတွက် မြေဆီမြေနှစ်များအား အဓိကထိန်းသိမ်းပေးသူများ ဖြစ်သည်။ လာရောက်ပုန်းခိုသူတို့အဖို့ ကျောလုံစေမည့်အပြင် စား၀တ်နေရေး ဖူလုံစေဖို့ စိုက်ပျိုးစားသောက်ရေးအတွက် ပူပင်ရန်လိုမည်မထင်။ ဟိုးအရင်ကလည်း သခင်စိုးရဲ့ အလံနီတွေ ခိုအောင်း ကြီးစိုးခဲ့ကြဖူးသည်။ ယခင်အချိန်များဆီကပုံစံအတိုင်း လာရောက်နားခိုလိုသူများ ရှိနေလေဦးမည်လားဟု တောင်တက်တောင်ဆင်းလမ်းပေါ်က ခရီးနှင်ရင်း စောကြောမိလေသည်။ တောင်တက်လမ်း အနည်းငယ် မြင့်မားနေပါက စီးလာသည့်ကားမှာ အဲကွန်းမနိုင်သည့် ပြသာနာ စတင်ကြုံရတော့သည်။ သို့အတွက်ကြောင့် လေးဘက်လေးလံ ကားမှန်ချကာ မောင်းနှင်ရ ပါတော့သည်။ ကားမှန်ချတယ်ဆိုရုံရှိသေးသည် ပြင်းစပ်စပ် ပူလောင်သည့်လေက မျက်နှာပေါ် ထိမှန်လာပါတော့သည်။ ထိုလမ်းကိုဖြတ်သန်းသွားချိန်သည် နေ့လည်ချိန်ဖြစ်နေခြင်းကြောင့်သာ ဖြစ်နိုင်သည်ဟု ယူဆမိသည်။ ညနေခင်းအချိန်များတွင် လေနုအေးတို့ဖြင့် ကြုံတွေ့နိုင်ကောင်းပါရဲ့ဟု တွေးဆမိပါတော့သည်။ လူတို့ဖန်တီးထားသည့် အဆိပ်ရည် အခိုးအငွေ့များက မြေကမ္ဘာကြီးအား တုတ်နှောင်ထားခြင်းသာဖြစ်သည်။ သစ်ပင်များမှတစ်ဆင့် မြေကမ္ဘာကြီး အသက်ရှုနေရခြင်းဖြစ်သည်။ မြေကမ္ဘာကြီးအပေါ် မှီခိုနေသူတို့အဖို့ အဆိပ်သင့်စေသည့် လုပ်ရပ်မျိုးများမှ ရပ်တန့်သင့်ပြီဖြစ်သည်။ အရိပ်နေနေအခက်ချိုးချိုး မဖြစ်စေဖို့ မြေကမ္ဘာကြီးပေါ်က အခက်အလက်များဖြစ်သည့် သစ်ပင်များအား တန်ဖိုးထားရမည်ဖြစ်ပေတော့သည်။
Written by ဗိုလကို (ပန်းတနော်)
မှတ်ချက်- ဒီစာစုရေးစဉ်အချိန်သည် နွေရာသီဖြစ်သည်။