Home > သတင်း > တောင်သူလယ်သမား/အလုပ်သမားရေးရာ > Covid ကာလအတွင်း တောင်သူများ၏ အခြေအနေမှန်ကိုသိရှိရန် စိုက်ပျိုးရေးဌာနက Door To Door စနစ်ဖြင့် ကွင်းဆင်း

Covid ကာလအတွင်း တောင်သူများ၏ အခြေအနေမှန်ကိုသိရှိရန် စိုက်ပျိုးရေးဌာနက Door To Door စနစ်ဖြင့် ကွင်းဆင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း Covid-19 ကူးစက်ရောဂါကာလမှာ တောင်သူတွေရဲ့ အခြေအနေမှန်ကို သိရှိပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက Door To Door စနစ်နဲ့ ကွင်းဆင်းတာတွေ ပြုလုပ်နေပါတယ်။ Covid ကာလအတွင်း အသွားအလာ ကန့်သတ်ချက်တွေကြောင့် တောင်သူတွေရဲ့ လိုအပ်ချက်အခက်အခဲတွေကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး၊ ရာသီ သီးနှံတွေ စားသုံးသူလက်ဝယ်ကို ရောက်ရှိစေရေး စတာတွေအတွက် အောက်တိုဘာလဆန်းကနေ စတင်ကာ စိုက်ခင်းတွေအရောက် ကွင်းဆင်းနေကြတာပါ။

“covid ကာလမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးတာတွေ၊ စားဖိုချောင်သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေရှိတယ်။ အဲဒီသီးနှံတွေက ရာသီကုန် သီးနှံတွေဖြစ်တယ်။ ကြာရှည်အထားမခံတဲ့အတွက် ကျနော်တို့တစ်တွေက စား‌သုံးသူလက်ဝယ်ရောက်အောင်၊ အခြေအနေမှန် တွေသိအောင် တောင်သူတွေနဲ့ပေါင်းစပ်ပြီးတော့ ဈေးကွက်ရရှိအောင်၊ ပုံမှန်ရောင်းချလို့ရအောင် ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးရတာဖြစ်တယ်။ တောင်သူတွေလိုအပ်ချက်မရှိအောင် Covid ကာလ သွားလို့လာလို့အဆင်မပြေတဲ့အချိန်မှာ Mobile System Door To Door စနစ်နဲ့ တောင်သူနည်းပညာပေးတယ်။ ဆွေးနွေးတယ်။ လိုအပ်ချက်တွေကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။”လို့  စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ Covid ကူးစက်ရောဂါဖြစ်ပွားနေပေမယ့် စိုက်ခင်းတွေအတွင်း ပိုးမွှား ရောဂါကျရောက်မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်၊ ပိုးပွှားရောဂါကျရောက်လာရင် အချိန်မှီ နှိမ်နင်း‌ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးရေးလုပ် ငန်းတွေ အရှိန်အဟုန်မပျက်စေရန်အတွက်လည်း ကွင်းဆင်းဆောင်ရွက်နေတာပါ။

“Covid ကာလဖြစ်နေပေမယ့်လည်း စိုက်ပျိုးရေးဝန်ထမ်းတွေက အချိန်နဲ့တပြေးညီ လုပ်ရတဲ့အလုပ်တွေရှိတယ်။ အပင်တွေမှာ ဗိုင်းရပ်စ်ကျတယ်။ ဘက်တီးရီးယားကျတယ်။ လောင်မီးပိုးကျတာရှိတယ်။ ပင်စည်ထိုးပိုး ကျတာရှိတယ်။ ဖြုတ်ပိုးကျတာရှိတယ်။ အဲဒီပိုးတွေကို ကင်းထောက်ရမယ်။ မှတ်တမ်းယူရမယ်။ နောက်ပြီးပိုးကျတဲ့အချိန်ကို သိသိချင်း တစ်ခင်းလုံးကိုပျက်ဆီးသွားအောင်ဖြစ်မယ့် ပိုးဆိုရင် ချက်ချင်းဘဲ ကြိုတင်ကာကွယ်ဖို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အချိန်နဲ့အမျှ ကွင်းဆင်းပြီးတော့ ဆောင်ရွက်နေတာ ဖြစ်တယ်။” လို့လည်း ဦးဝင်းလှိုင်ဦးက ပြောပါတယ်။

တောင်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရတာကြောင့် တောင်သူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား သိရှိရပြီး လိုအပ်တဲ့ အချက်အလက်တွေကို စုစည်းကာ ဖြည့်ဆည်းပေးနိုင်တဲ့အပြင် လူစုလူဝေးလုပ်စရာမလိုဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်း မိုးခေါင်ရေရှားမှု ပြဿနာတွေကိုလည်း ကြီးကြီးမားမား ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ကန့်ဘလူခရိုင်မှာဆို မိုးခေါင်တဲ့အတွက် ပြောင်းခင်းတွေ ပျက်စီးနေသလို မြို့နယ်အများစုမှာလည်း မိုးရေလုံလောက်မှုမရှိတဲ့အတွက် စပါးခင်းတွေ ခြောက်သွေ့ပျက်စီးမှုတွေ ကြုံတွေ့နေကြရပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာများလာပြီး တိုင်းနှင့် ပြည်နယ်တွေမှာ ၀င်ထွက်သွားလာခွင့် စည်းကမ်းတင်းကြပ်လာတဲ့အတွက် လယ်ယာထွက်သီးနှံ ရောင်း၀ယ်မှု ရပ်တန့်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာရှိတဲ့ ကုန်သည်၊ ပွဲစားတွေက ပြောဆိုထားပါတယ်။

အေပီတီ (မျက်မှောက်ခေတ်)

error: Content is protected !!