စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်းကို မေလ ၇ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာ ရှိပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
“ကြားတာကတော့ အရပ်သားနှစ်ယောက်ဆုံးတယ်ကြားတယ်။ ထိခိုက်တာတွေလည်းရှိတယ်ကြားတယ်။ အတိအကျတော့ ဘာမှမသိရသေးဘူး ။ အရင်တခါကလည်း ဒီဆေးရုံပဲ လေကြောင်းတိုက်ခိုက်ခံရသေးတယ်”လို့ ကနီမြို့နယ်ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေးကုန်းရွာက ဆေးရုံကို စစ်တပ်က JF ဖိုက်တာ ၈ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ် ။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို စစ်တပ်က မြေပြင်ထိုးစစ်တွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားတိုက်နယ်ဆေးရုံဟောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပါသေးတယ်။
ပုံစာ – မတ်လ ၂၁ ရက်က ကနီမြို့နယ်ထဲက ဆူးလေကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာ(ပုံဟောင်း)






