Home > သတင်း > စစ်ရေး > ဖလမ်းမြို့နယ် ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းကို စစ်တပ်ကဗုံးကြဲ၊ ကလေး ၅ ဦးအပါအဝင် ၆ ဦးသေဆုံး၊ ၉ ဦးထိခိုက်ဒဏ်ရာရ

ဖလမ်းမြို့နယ် ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းကို စစ်တပ်ကဗုံးကြဲ၊ ကလေး ၅ ဦးအပါအဝင် ၆ ဦးသေဆုံး၊ ၉ ဦးထိခိုက်ဒဏ်ရာရ

ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းကို မေလ ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကလေးငယ် ၅ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

CDF-Hualngoram ထိန်းချုပ်နယ်မြေမှာရှိတဲ့ ဖလမ်းမြို့နယ် ခေါပွီးချစ်ပ်ရွာ ဘော်လီဘောကွင်းဘေးကို စစ်တပ်က ဗုံးကြဲချခဲ့တာကြောင့် ဘော်လီဘောကွင်းဘေးမှာ ဆော့ကစားနေကြတဲ့ ဆယ်နှစ်အောက် ကလေးငယ် ၅ ဦး အပါအဝင် အမျိုးသား ၁ ဦးတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲလည်းမရှိဘူး။ အဲ့ဒီရွာဘေးနားတွေမှာလဲ ကျနော်တို့လည်းမရှိဘူး။ စခန်းချထားတာတွေ၊ ဝင်ရောက်တာတွေလည်းမရှိဘူး။ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်” လို့ ချင်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့ CDF-Hualngoram က တာဝန်ရှိသူတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။

စစ်တပ်က ဗုံးကြဲလို့ သေဆုံးသူတွေထဲမှာ တစ်မိသားစုထဲက အဖေဖြစ်သူနဲ့ သားနှစ်ဦး၊ ဘော်လီဘောကွင်းဘေးမှာ ဆော့ကစားနေတဲ့ ကလေး ၄ ဦး သေဆုံးခဲ့တာပါ။

စစ်တပ်က ချင်းပြည်နယ်ကို ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ မိသားစုလိုက်သေဆုံးတာတွေ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့ ညသန်းခေါင်ယံအချိန်မှာ ဟားခါးမြို့နယ်၊ ဟားလ်တာရွာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် မိဘနှစ်ပါးနှင့်သားနှစ်ဦး ( မိသားစုဝင် ၄ ဦး) လုံးသေဆုံးခဲ့ရပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ ဟားခါးမြို့နယ်၊ ဗန်ဟားရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆယ်နှစ်အောက် ကျောင်းသား ၂ ဦးသေဆုံးခဲ့ရပါတယ်။

၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်နေ့၊ ညသန်းခေါင်အချိန်မှာ စစ်တပ်က တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိဘနှစ် ၂ ဦးနဲ့ ကလေး ၄ ဦး (မိသားစုဝင် ၆ ဦး) သေဆုံးခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်က ကလေး ၆၀ ထက်မနည်း သေဆုံးခဲ့တာကို CHRO ရဲ့ ထုတ်ပြန်ချက်အပါအဝင် ဒေသတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။

error: Content is protected !!