Home > သတင်း > စစ်ရေး > ခန္တီးမှာ ပြည်သူစစ်နဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေ

ခန္တီးမှာ ပြည်သူစစ်နဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့တွေပူးပေါင်းပြီး ဒေသခံပြည်သူတွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးကာငွေညှစ်တောင်းခံမှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူး သန်း၀င်းထွဋ်နဲ့ ပြည်သူ့စစ်ခေါင်းဆောင် ငွေတိုး တို့ဦးဆောင်ပြီး ခန္တီးမြို့ပေါ်ရပ်ကွက်အစုံမှာလူငယ်တွေကို ပစ်မှတ်ထားပြီး ပေါ်တာဆွဲငွေညှစ်နေတာဖြစ်တယ်လို့သိရပါတယ်။
“အဓီကတော့ လူဖမ်းပြီးရောင်စားတာမျိုးလုပ်နေတာဗျ၊သူတို့က နှစ်သီးစားပုံစံလုပ်တာ၊ဖမ်းခံရလို့ လိုက်ရွေးရင်လည်း ပိုက်ဆံရတယ်၊ မရွေးနိုင်တဲ့လူကြ စစ်တပ်ဘက်ကို ရောင်းစားတာ”လို့ ခန္တီးမြို့ဒေသခံ ပြည်သူတစ်ဦးကပြောပါတယ်။
အခုလို ပေါ်တာဆွဲဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေတာကို ၂၀၂၅ ခုနှစ်က စတင်ပြုလုပ်ခဲ့ကြတာဖြစ်ပြီး အစပိုင်းအချိန်တွေတုန်းက ကျပ်ငွေ ဆယ်ဂဏန်း၀န်းကျင်နဲ့ ရွေးထုတ်လို့ ရပေမယ့် အခုနောက်ပိုင်းမှာတော့ သိန်းရာဂဏန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေကို နေ့လည်ပိုင်းမှာလည်းပြုလုပ်လေ့ရှိသလို ညပိုင်းတွေမှာဆိုရင်တော့ နေအိမ်တွေထဲအထိ ၀င်ရောက်ဖမ်းဆီးလေ့ရှိတယ်လို့ သိရပါတယ်။
“နာဂဘက်ကနေ ဆင်းလာတဲ့ လူငယ်တွေလည်းအဖမ်းခံကြရတယ်၊ခန္တီးလာပြီး ဈေး၀ယ်တာတို့၊ သူတို့ရောင်းစရာရှိတာ လာရောင်းတာတို့လုပ်တဲ့အချိန်တွေ ချင်းတွင်းတံတားကနေစောင့်ဖမ်းတာ”လို့ ဒေသခံပြည်သူက ပြောပါတယ်။
ခန္တီးမြို့ပေါ်က ပြည်သူ့စစ်အဖွဲ့ကို ၂၀၂၄ ခုနှစ်အတွင်းမှာ မြို့ပေါ်ရှိ လူမိုက်၊လူရမ်းကားတွေနဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အခုလို နှစ်သီးစား ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်နေတဲ့အတွက် ဒေသတွင်းပြည်သူလူထုအနေနဲ့စား၀တ်နေရေး၊သွားလာရေး ဒုက္ခ အခက်အခဲဖြစ်ပေါ်နေကြတယ်လို့သိရပါတယ်။
ဓာတ်ပုံ- ခန္တီးမြို့ပေါ်ရှိ ပြည်သူစစ်အဖွဲ့။

error: Content is protected !!