စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ကလေးမြို့နယ်က ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လူစုလူဝေးပြုလုပ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နိုင်တာကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုမရှိစေဖို့ သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြင့် ပျော်ပွဲရွှင်ပွဲတွေမပြုလုပ်ကြဖို့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပန်ကြားထားတာပါ။
ကလေးမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေထိုးပြီး ကျေးရွာအချို့မှာ တပ်ထိုင်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကြံသာမှာ တပ်စွဲထားတဲ့ စစ်တပ်က ပြည်သူတွေဆီကို ဒရုန်းနဲ့ချတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်လေ့ရှိတယ်။ နတ်ချောင်း၊ နတ်မြောင်းမှာရှိတဲ့ စစ်သားတွေကလည်း လူမြင်တာနဲ့ လှမ်းပစ်တယ်” လို့ ကလေးမြို့နယ်တောင်ပိုင်း ဒေသခံအမျိုးသားတစ်ဦးက အခြေအနေကို ပြောပြပါတယ်။
ကလေးမြို့နယ်တွင်းမှာ စစ်တပ်စစ်ကြောင်းကြောင့် ဒေသခံသောင်းချီပြီး စစ်ဘေးရှောင်နေကြရတာ ခြောက်လဝန်းကျင် ကြာမြင့်နေပြီဖြစ်ပြီး စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကလေးဒေသခံတွေဆီက သိရပါတယ်။
ကလေးမြို့နယ်တွင်း သင်္ကြန်ကာလ ပျော်ပွဲရွှင်ပွဲမပြုလုပ်ဖို့ ပြည်သူတွေကိုရော တော်လှန်ရေးအဖွဲ့အစည်းတွေကိုပါ အုပ်ချုပ်ရေးအဖွဲ့က ” လေးစားစွာပန်ကြားကြောင်း” ထုတ်ပြန်ထားပြီး မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုးတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါ။
ဒေသခံပြည်သူအများစုဟာ စစ်တပ်ရဲ့ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအန္တရာယ်ရှိတဲ့အပြင် စစ်ဘေးရှောင်ဘဝနဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရချိန်မို့ သင်္ကြန်ကာလအတွင်း ပျော်ပွဲရွှင်ပွဲပြုမပြုလုပ်ဘဲ လိုက်နာပေးကြဖို့ တော်လှန်ရေးအင်အားစုဝင်အချို့က လူမှုကွန်ရက်ပေါ်ကနေ မေတ္တာရပ်ခံထားတာကိုလည်း တွေ့ရပါတယ်။
စစ်တပ်က ထိန်းချုပ်ထားတဲ့ ကလေးမြို့ပေါ်မှာတော့ စစ်တပ်ကဦးဆောင်ပြီး သင်္ကြန်ပွဲတော်ကို ပြုလုပ်ဖို့ မဏ္ဍပ်တွေဆောက်ထားတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်း ကလေးမြို့ပေါ်မှာ လူငယ်တွေကို စစ်တပ်က ဖမ်းဆီးမှာစိုးရိမ်တာကြောင့် မြို့ပေါ်က လူငယ်တွေအနေနဲ့ သတိထားသင့်တယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်နေ့လည်းက ကလေးမြို့၊ အောင်သစ္စာရပ်ကွက် ရေကူးကန်မှာ သင်္ကြန်ပျော်နေကြတဲ့ လူငယ် ၂၀ ဝန်းကျင်ကို စစ်တပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
Photo – လူမူကွန်ရက်(ပုံဟောင်း)






