Home > သတင်း > ပြည်တွင်း > ကလေးမြို့မှာ လူငယ် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

ကလေးမြို့မှာ လူငယ် ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဧပြီ ၉ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ နှစ်ရက်တာအတွင်း အာဏာသိမ်းစစ်တပ်က လူငယ် ၂၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့၊ စမ်းမြို့ရပ်ကွက် ၊ ကမ္ဘောဇဘဏ် (၂) ရှေ့၊ ဗိုလ်ချုပ်လမ်းကြီးပေါ်မှာ ဧပြီ ၁၀ ရက်နေ့ မနက်ပိုင်းက လူငယ် ၁၅ ဦးဝန်းကျင်ကို စစ်တပ်အဖွဲ့ဝင်တွေက ဖမ်းဆီးပြီး စုပေါင်းရုံးကိုကားနဲ့ ခေါ်ဆောင်သွားတယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။

“စစ်မှုထမ်းဖို့ စုဆောင်းတာတွေက စုပေါင်းရုံးကိုပဲခေါ်တာ။ စုပေါင်းရုံးကိုရောက်ပြီးလို့ ပြန်ရွေးချင်ရင် အနည်းဆုံးသိန်းရှစ်ဆယ်ဝန်းကျင်ကုန်တယ်”လို့ ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့က စစ်တပ်က ဖမ်းဆီးသွားတဲ့ လူငယ်တွေနဲ့ပတ်သက်ပြီး မျက်မှောက်ခေတ်က ဆက်သွယ်စုံစမ်းနေပေမယ့် အခြေအနေကို သိရခြင်းမရှိသေးပါ။

ဖမ်းဆီးခံရတဲ့ သူတွေရဲ့ မိသားစုဝင်အများစုဟာလည်း မိမိတို့သားသမီးဖမ်းဆီးခံရတာကို စစ်တပ်ဖိအားကြောင့် ထုတ်ဖော်ပြောဆိုခြင်း မပြုကြဘူးလို့ ကလေးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ လူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲရုံမက နေအိမ်တွေနဲ့ လမ်းကြိုလမ်းကြားတွေအထိပါ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၉ ရက်နေ့ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်ထဲက လက်တောက်ခုံမှာရှိတဲ့ လူငယ် ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

“လူငယ်တွေကို ဖမ်းဆီးနေပေမယ့်လည်း မြို့ထဲမှာ နေနေကြတယ်။ တော်လှန်နယ်မြေကို အကြောင်းကြောင်းကြောင့် မထွက်နိုင်ကြတော့ ခံနေကြရတယ်။ အခြေအနေတွေက ကြာလေဆိုးလေဖြစ်လာတယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

တော်လှန်အားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင်းနေရာတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆိုင်ထားကြတဲ့ အနေအထားကြောင့် မြို့နယ်တွင်းကျေးရွာက ပြည်သူအချို့ဟာ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးမြို့နဲ့နယ်မြေချင်း ဆက်စပ်နေတဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင်တွေ တော်တော်များများလည်း ကလေးမြို့ပေါ်မှာ နေထိုင်ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ဘေးရှောင်တွေကြောင့် လူဦးရေများလာတဲ့ ဒကစ အခြေစိုက်ရာ ကလေးမြို့ဟာ အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းတပ်သားသစ်တွေ အတင်းအဓမ္မစုဆောင်းဖို့ အဓိကနေရာတစ်ခုဖြစ်လာတယ်လို့ ကလေးမြို့ပေါ် ဖမ်းဆီးမှုတွေကို စောင်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရပ်သားလူငယ်တွေကို ဖမ်းဆီးနေတဲ့ စစ်တပ်ဟာ ဧပြီ ၇ ရက်နေ့ ကလေးမြို့ စစ်တပ်မိသားစု ရှင်ပြုပွဲလှည့်လည်ရာမှာတော့ မြို့ထဲလမ်းတလျောက် ကင်းပုန်းတွေချပြီး လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေနဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စစ်သားများ။ (Photo CJ)

error: Content is protected !!