မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့ ခလရ (၅၀) စစ်တပ်က တပ်ကြပ်ကြီးတစ်ဦးဟာ ဧပြီ ၁၀ ရက်နေ့မှာ သေနတ်တစ်လက်နဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလင်းဝင်ခဲ့တယ်လို့ ဂန့်ဂေါဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“တပ်ကြပ်ကြီး MA3 တစ်လက်နဲ့အတူ အလင်းဝင်ခဲ့တာပါ။ တော်လှန်ရေးတပ်ပေါင်းစုတွေဆီ အလင်းဝင်တာပါ” လို့ ဂန့်ဂေါဒေသခံ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဂန့်ဂေါမြို့ ခလရ (၅၀) က တပ်ကြပ်ကြီးဟာ ဂန့်ဂေါမြို့တောင်ဘက် ခြောက်မိုင်အကွာ ရှောက်ပင်ကျေးရွာခေါ် အောင်မြင်ကျေးရွာမှာ တာဝန်ကျနေစဥ် လက််နက််နဲ့အတူ ထွက်ပြေးခဲ့ပြီး အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
ဂန့်ဂေါမြို့တောင်ဘက် ရှောက်ပင်ကျေးရွာကို ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ စစ်ကြောင်းထိုးပြီး တပ်အထိုင်ချထားခဲ့တာပါ။
၂၀၂၆ခုနှစ် ၊ ဇန်နဝါရီ ၁၈ ရက်နေ့က လမ်းမှားဝင်ရောက်ခဲ့တဲ့ လူငယ်တစ်ဦးကို ရှောက်ပင်မှာ အထိုင်ချထားတဲ့ စစ်တပ်က သတ်ဖြတ်ပြီး အလောင်းပါဖျောက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ရှောက်ပင်ကျေးရွာကို စခန်းချပြီးနောက် ဂန့်ဂေါ ခလရ (၅ဝ) စစ်တပ် အဖွဲ့ဝင်တွေဟာ အရပ်သားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိတာကြောင့် အဆိုပါရှောက်ပင်ကျေးရွာကို ဒေသခံ ပြည်သူတွေအားလုံးနီးပါး သွားလာတာ မလုပ်ကြဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါမြို့ကို ကွင်းတဲ့ လမ်းဆုံမှာရှိတဲ့ ရှောက်ပင်ကျေးရွာမှာ စစ်တပ်အထိုင်ချထားတာကြောင့် ဂန့်ဂေါမြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုသွားလာရာမှာ ဒေသခံတွေဟာ ပိုဝေးတဲ့ ကွင်းလမ်းတွေကနေ သွားလာနေကြရပြီး မိုးရာသီမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြရတယ်လို့ သိရပါတယ်။






