Home > သတင်း > ပြည်တွင်း > ပုလဲနယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးချိန် အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်း ၃ ခုပြန်တွေ့

ပုလဲနယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးချိန် အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်း ၃ ခုပြန်တွေ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးချိန် အသတ်ခံလိုက်ရတဲ့ ရုပ်အလောင်း ၃ ခုကိုပြန်တွေ့ရတယ်လို့ ဒေသခံကပြောပါတယ်။

“စစ်တပ်က ရက်ရက်စက်စက်သတ်သွားတာ။ ရုပ်အလောင်းတွေက ပုတ်ပွနေပြီ။ ဘယ်နေ့က အသတ်ခံရတာလဲဆိုတာ မသိရဘူး။ ချောင်းကန်ရွာသားတဦး၊ ရိုးရွာသားတဦးနဲ့ အလယ်ဘုံရွာသားတဦး စုစုပေါင်းသုံးဦးအသတ်ခံရတယ်”လို့ ပုလဲမြို့နယ်ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူတွေက စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာချိန် ဓားစာခံဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ ကိုဝေယံဖြိုး၊ ကိုကျော်သီဟ၊ ကိုဖိုးတုပ်(ခ)သန့်ဇင်ဝင်းတို့ဖြစ်ကြပြီး သူတို့သုံးဦးစလုံးကို လည်ပင်လှီး၊ ဦးခေါင်းကို သေနတ်နဲ့ပတ်ခတ်ထားတဲ့ ဒဏ်ရာတွေနဲ့ ‌သေဆုံးနေတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်တွေဟာ ဆားလင်းကြီးမြို့နယ် ယန်စီကြေးနီစီမံကိန်းအနီးက ပုလဲမြို့နယ် သရက်ကန်ရွာ ၊ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတွေကို အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ယမန်​နေ့ ဧပြီလ ၈ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

error: Content is protected !!