Home > သတင်း > ဒေသတွင်းသတင်း > လူငယ်တွေကို ၃နှစ်စစ်မှုထမ်းဖို့ ထုတ်ပြန်ပြီး PDF-Zoland က လူငယ်အချို့ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ဟုဆို

လူငယ်တွေကို ၃နှစ်စစ်မှုထမ်းဖို့ ထုတ်ပြန်ပြီး PDF-Zoland က လူငယ်အချို့ကို စစ်မှုထမ်းဖို့ ခေါ်ဆောင်ဟုဆို

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်က လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အနည်းဆုံး သုံးနှစ်စစ်မှုထမ်းဆောင်ကြဖို့ ZFU/ PDF – Zoland က မတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းဖို့ ထုတ်ပြန်တဲ့ရက်မှာပဲ PDF – Zoalnd တပ်ဖွဲ့ဝင်တွေဟာ လိုင်တွီးကျေးရွာက လူငယ် ၁၂ ဦးနှင့် မွီဇောလ်ကျေးရွာက လူငယ် ၃ ဦးကို ဖမ်းဆည်းခေါ်ဆောင်သွားကြတယ်လို့ ချင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

PDF – Zoalnd က ကျေးရွာတာဝန်ရှိသူတွေကို ကျေးရွာတွင်းက လူငယ်တွေကို ရွေးချယ်ပေးဖို့ တောင်းဆိုရာမှာ ကျေးရွာတာဝန်ရှိသူတွေက ရွေးချယ်ပေးဖို့ငြင်းဆန်ခဲ့ပြီး လူငယ်တွေရဲ့ ဆန္ဒအလျောက် တပ်ဖွဲ့ကိုဝင်ရောက်လိုပါက ဝင်ရောက်လာကြလိမ့်မယ်လို့ တုန့်ပြန်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကျေးရွာလူကြီးတွေက ရွေးချယ်မပေးတဲ့အတွက် PDF – Zoland တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာက လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတာဖြစ်တယ်လို့ ဒေသတွင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တုန်းက တီးတိန်မြို့နယ်ဘိန်းခင်းတွေမှာ အလုပ်လုပ်နေသူ ၂၀၀ ကျော်ကို PDF – Zoland က ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခဲ့တဲ့ အလုပ်သမားတွေကို စစ်မှုထမ်းကောင်းတွေဖြစ်အောင် ပျိုးထောင်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါသေးတယ်။

တီးတိန်နှင့်တွန်းဇန်မြို့နယ်က ဇိုဂမ်ဒေသမှာ နေထိုင်ကြတဲ့ အရွယ်ရောက်ပြီးသူ ဇိုမီး အမျိုးသား အမျိုးသမီးတွေဟာ တိုင်းပြည်နှင့်လွတ်မြောက်ရေး ထမ်းဆောင်ဖို့ တာဝန်ရှိပြီး ပြည်ပကိုရောက်နေတဲ့ ဇိုမီးတွေအနေနဲ့လည်း နည်းလမ်းပေါင်းစုံနဲ့ပါဝင်ကြဖို့ PDF – Zoland ကတောင်းဆိုထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း CDF – Matupi. ကလည်း ချင်းပြည်ကောင်စီက ပြဌာန်ထားတဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်တော့မှာဖြစ်တဲ့အတွက် လာရောက်ပူးပေါင်းကြဖို့ မတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Photo – PDF- Zoland

error: Content is protected !!