Home > ဆောင်းပါး > အားမနာတတ်ကြသူများ

ဝေလင်းလက်
(မျက်မှောက်ခေတ် အတွေးအမြင်)

ပြည်ပတွင် နေထိုင်ပြီး တော်လှန်ရေးကို ထောက်ခံနေသူ၊ ဝေဖန်နေသူ ပုဂ္ဂိုလ်တစ်ဦးသည် တော်လှန်ရေးနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေ၊ အကြံပေးမှုတွေပြုလုပ်ရာတွင် ကြာလေ လွဲလေဖြစ်လာပါသည်။

အဝေးကနေ ကြားရသည့် သတင်းအချက်အလက်လောက်ဖြင့် ဝေဖန်ဆန်းစစ်ပြီး ပြောဆိုနေခြင်းဖြစ်သောကြောင့် မြေပြင်အခြေအနေနှင့် သူ့အကြံပေးပြောဆိုချက်တွေသည် လုံးဝကိုက်ညီမှုမရှိသည်ကို တွေ့ရပါသည်။ မြေပြင်တွင် တကယ်ပင်ပန်းဆင်းရဲခံကာ မှန်မှန်ကန်ကန်လုပ်နေသူတွေကို အားနာစရာကောင်းလှပါသည်။

နောက်ပြည်ပတွင်ရောက်နေသော အမျိုးသမီးတစ်ဦးက အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်ဆိုးများနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမျိုးမလုပ်သည့်အတွက် ပြည်တွင်းက သူနှင့်ပတ်သက်သည့်သူတွေကို အပြစ်ဆိုသည့်သဘောမျိုး ရေးသားထားတာတွေ့ရပါသည်။ အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့်နယ်မြေတွင် ဖုန်းကိုပင် ပေါ်ပေါ်တင်တင်မသုံးရဲသည့် ပြည်သူများ၊ တော်လှန်နယ်မြေတွင် ပိုက်ဆံပေးသုံးရသည် Starlink ကို လွယ်လွယ်မသုံးနိုင်ကြတော့သည့် ပြည်သူများကို အားနာစရာကောင်းပါသည်။

တော်လှန်ရေးတွင် ထဲထဲဝင်ဝင်လုပ်ဆောင်နေသူဖြစ်သော်လည်း တော်လှန်ရေးဘက်တော်သားအချင်းချင်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ အမြဲအဆင်သင့်ဖြစ်နေသော သူတွေရှိပါသည်။ တော်လှန်ရေးလုပ်နေရင် ငါတို့ဘက်သားပဲဟု ရိုးရိုးသားခံယူထားကြရှာသည့် တောသူတောင်သားတွေကို အားနာစရာကောင်းပါသည်။

ပညာရေးတွင်လည်း ကမ္ဘာအဆင့်အတန်းမီ ဆိုသည့်စကား၊ အခေတ်မီပညာရေးဆိုသည့်စကား စသဖြင့် သူတို့ လွတ်ကျက်ထားသည့် ပညာရေးစကားလုံးများကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ တဖွဖွပြောဆိုပြီး မြန်မာ့ပညာရေး အဆင့်နိမ့်ကြောင်း ပညာရေးအတွက် ကိုယ်တိုင်လက်တွေ့ ကြိုးစားလုပ်ဆောင်ခြင်းမပြုဘဲ ပြောဆိုနေကြသူတွေရှိပါသည်။ မြန်မာ့ပညာရေး အဆင့်နိမ့်တာ မှန်ပါသည်။ သို့သော် ပညာအထောက်ပံ့ရော၊ ငွေကြေးအထောက်အပံရော ဘာမျှမရဘဲ တတ်သမျှအားနဲ့ အန္တရာယ်ကြားမှာ ကလေးတွေကို ပညာသင်ပေးနေကြသော ဆရာ၊ဆရာမ များကို အားနာစရာ ကောင်းပါသည်။

တော်လှန်ရေးနှင့်ပတ်သက်ပြီး မူဝါဒတွေကို သေသေချာချာရှင်းပြသည့် ဆရာသမားကြီး၊ ဆရာသမားလေးတွေလည်း ရှိပါသည်။ သူတို့သည် သူတို့ထောက်ခံသည့် အင်အားစု၏ မူဝါဒ ကို ပါးပါးနပ်နပ် တင်သွင်းတတ်ပါသည်။ အခြားသူတို့၏ အမြင်ကို အလေးထားမှုနည်းပါးတတ်သည်။ အလုပ်မဖြစ်သည့် မူဝါဒတွေကြောင့် အမြဲတမ်း တိုင်ပတ်နေကြရသည့် ရပ်ကျေးအဆင့်တွေ၊ ခံစားရသည့်ပြည်သူတွေကို အားနာစရာကောင်းပါသည်။

တကယ်တော့ ကျွန်တော်တို့သည် တော်လှန်ရေးကာလအတွင်း အားနာစရာတွေ တော်တော်များများတွေ့ရပါသည်။ သားသမီးရဲဘော်ကျဆုံးထားသော မိဘတွေရှေ့မှာ တော်လှန်ရေးလုပ်ရတာ ပင်ပန်းကြောင်း ညည်းတွားမိခဲ့ရင် အားနာရပါသည်။တော်လှန်ရေးကြောင့် မိသားစုဝင်တစ်ဦး ထောင်ကျနေသောသူများရှေ့တွင် တော်လှန်ရေးအတွက် ကိုယ့်အနာဂါတ်ကို စွန့်လွတ်ခဲ့ရကြောင်း ပြောဆိုမိလျင် အားနာရပါသည်။

စစ်ဘေးရှောင်များရှေ့မှာ တော်လှန်နယ်မြေတွင် ကိုယ်ကြိုက်သည့် အစားအစာရှာမရကြောင်း ပြောဆိုမိလျှင်၊ ကျေးရွာကဆရာမလေးတွေကို အင်္ဂလိပ်စကားလုံးတွေ လှိုင်လှိုင်သုံးပြီး ကိုယ်တတ်ကြောင်း ပြမိသလိုဖြစ်ခဲ့လျှင်၊ သီးနှံဆက်တိုက်ရှုံးပြီး ဒုက္ခရောက်နေသည့် တောင်သူတစ်ဦးရှေ့မှာ ငွေကြေးဟာ အရေးမကြီးကြောင်း ကိုယ့်အယူအဆကို ပြောမိလျှင်… စသဖြင့် ကျွန်တော်တို့မှာ အားနာစရာတွေများစွာ ရှိနေပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံက လူတွေသည် အားနာကြီးကြသည့် လူတွေဟု ဆိုကြပါသည်။ နွေဦးတော်လှန်ရေးကာလတွင်တော့ အချိန်ကြာလာသည်နှင့်အမျှ အားနာမှုတွေ လျော့ပါးသွားသလား။ ဒါမှမဟုတ် အားနာမှုတွေ နေရာလွဲနေသလား။ အားမနာတတ်ကြသူတွေကို တော်တော်များများတွေ့မြင်နေရပါသည်။

error: Content is protected !!