အာဏာသိမ်းစစ်အုပ်စုက သတ်မှတ်လိုက်တဲ့ကိုယ်ပိုင်မော်တော်ယာဉ်တွေ စုံ၊ မ ရက်ခြားပြီးသွားလာကြဖို့အမိန့်ထုတ်လိုက်တဲ့အတွက်မုံရွာနယ်က အခြေခံလူတန်းစား လက်လုပ်၊ လက်စားသမားတွေနဲ့ ၀န်ထမ်းတွေ အခက်အခဲဖြစ်နေကြတယ်လို့ မုံရွာဒေသခံ ပြည်သူလူထုထံက သိရပါတယ်။
စက်သုံဆီးခြွေတာရေးအတွက် သတ်မှတ်လိုက်တဲ့ စုံ၊မ စနစ်မှာ အခြေခံလူတန်းစားတွေ အများဆုံး အသုံးပြုစီးနင်းကြတဲ့ မော်တော်ဆိုင်ကယ်တွေပါ ပါ၀င်နေတဲ့အတွက် အလုပ်သွား၊အလုပ်ပြန် ကိစ္စတွေမှာ အခက်အခဲတွေ ရှိလာတယ်လို့ သိရပါတယ်။
“အရင် ၂ ယောက်ပိုးစီးပြီးသွားလို့ရတုန်းကနေတစ်ယောက်ပဲ စီးခိုင်းသလိုထက် ပိုဆိုးတာပါ့ဗျာ၊အဲ့တုန်းကလည်း တယောက်တရက် သူ့ဆိုင်ကယ် နဲ့သွား၊ကိုယ့်ဆိုင်ကယ်နဲ့ သွား၊ ၂ ယောက်အတူတူ သွားရာကနေ ကိုယ့်ဆိုင်ကယ်နဲ့ ကိုသွားရတော့ ဘတ်ဂျက်ပိုထွက်တာ၊အခုကြ ရှိတဲ့ ဆိုင်ကယ်နဲ့တောင် တရက်ခြား တခါ အလုပ် သွားရမလိုပဲ” လို့ မုံရွာမြို့နယ် ကံသာရပ်ကွက်က ပန်းရံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စုံ၊မ စနစ် ယာဉ်အသုံးပြုရေး စနစ်က ရန်ကုန်လို မြို့ကြီးတွေအတွက် အခြေခံပြီး စဉ်းစားဆုံးဖြတ်ခဲ့တဲ့ အတွက် အလုပ်သမား ကြို၊ ပို့ယာဉ်၊ မြို့တွင်းပြေးဆွဲပေးတဲ့ လိုင်းကား မရှိတဲ့ မြို့တွေက အခြေခံ လက်လုပ်၊ လက်စား ပြည်သူတွေ အတွက် ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
“ဆိုင်ကယ်ဆီ ၀ယ်လို့ မရတော့ဘူးဆိုလည်း မရတော့ဘူးလို့ ပြောလိုက်တာက ခံသာသေးတယ်၊အခုက ဆီရဖို့လည်း တိုးရ၊ အလုပ်သွားဖို့ကြလည်း စုံတွေ၊မတွေခွဲနေတာ၊တရက်လုပ်ခက တစ်သောင်းခွဲလောက်ရတာ ဆီတိုးရတာက မနက် ၄ နာရီလောက် အလုပ်သွားရင်း တိုးတာတောင် ၉ နာရီလောက်မှရတာ၊ စုံ၊မ ခွဲ နေတာနဲ့ အလုပ်တောင်လုပ်ချင်စိတ်ရှိတော့ဘူး
“လို့ မုံရွာမြို့ခံ ပြည်သူတစ်ဦးက ပြောပါတယ်။
စက်သုံးဆီခြွေတာဖို့ အာဏာသိမ်းစစ်တပ်ကသတ် မှတ်လိုက်တဲ့ စုံ၊မ အက္ခရာ ယာဉ်သတ်မှတ်ချက်ဟာ စက်သုံးဆီပြဿနာ ဖြေရှင်းရေးထက် အခြေခံလူတန်းစားလက်လုပ်၊လက်စားတွေအတွက် အခက်အခဲတွေသာ ပိုမိုကြုံတွေ့စေတယ်လို့လည်း သိရပါတယ်။
အခုလို ခွဲခြားသတ်မှတ်လိုက်တာကြောင့် စက်သုံးဆီ ၀ယ်ယူရတာ လွယ်ကူမသွားစေဘဲ အလုပ်သွား၊ အလုပ်ပြန် လုပ်နိုင်ဖို့ ခက်ခဲစေပြီးစား၀တ်နေရေးကြပ်တည်းလာမှာသာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောကြပါတယ်။






