Home > ဆောင်းပါး > လေးစားဦးညွှတ်ရတဲ့ ကဗျာဆရာ ကေဇဝင်း

မောင်ချမ်းမြ
(မျက်မှောက်ခေတ် ရုပ်ပုံလွှာ)

၁။

“ခင်ဗျားတို့နဲ့ ကျနော်နဲ့ ကွဲလွဲခဲ့လည်း
ခင်ဗျားတို့အတွက် ကျနော် အသက်ပေးမှာပဲ”
ကေဇဝင်း

၂။
၂၀၂၁ ခုနှစ်၊ မတ် ၃ ရက်နေ့ မနက်ပိုင်း။ ကျွန်တော်တို့ မြို့လေးမှာ သပိတ်စစ်ကြောင်းကို စစ်တပ်က ဖြိုခွင်းခဲ့သည်။ ညီငယ်ကဗျာဆရာနှစ်ယောက်အပါအဝင် ကျွန်တော်တို့ ပြေးကြရသည်။ ပြည်သူတွေက “စစ်ခွေး” ဟု ခေါ်ကြသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက သေနတ်ကြီးတွေနဲ့ တိုက်ပွဲဝင်တော့မလို ချီတက်လာကြခြင်းဖြစ်သည်။

၃။

ကျွန်တော်တို့ ဝင်ပြေးသည့် ရပ်ကွက်က ပြည်သူတွေ ကျွန်တော်တို့ကို ကူညီကြသည်။ နေအိမ်တွေကို ကိုယ်တိုင်လိုက်ပို့ပေးသူတွေက ပို့ပေးပြီး မပြန်နိုင်သေးသည့်သူတွေကို အိမ်နောက်မှာ နားခိုခိုင်းထားကြသည်။

ကျွန်တော်တို့ လေးယောက်အဖွဲ့လေးသည် အိမ်တစ်အိမ်၏ နောက်ဖေး မြေပြင်ပေါ်တွင် ဝိုင်းဖွဲ့ထိုင်နေကြသည်။ ရန်ကုန်က အစ်ကိုကဗျာဆရာတစ်ယောက် ကျနော့်ဆီ ဖုန်းနဲ့ စာလှမ်းပို့သည်။

“ကေဇဝင်း ကျသွားပြီ”
ကျွန်တော်နှင့်အတူထိုင်နေကြသည့် ညီငယ်ကဗျာဆရာတွေကို ကျွန်တော့်ဆီရောက်လာသည့် message ကိုပြလိုက်သည်။ တကယ်လား။ သေချာပြီ…။ စိတ်ခံစားမှုပြင်းထန်ပြီး အမှန်တရားကို ဆတ်ဆတ်ထိမခံတတ်သူ ညီငယ်ကဗျာဆရာတစ်ယောက်က ကဗျာဆရာ ကေဇဝင်း၏ “ရာမွန်သို့ပြန်စာ” ကဗျာကို ချက်ချင်းထရွတ်ပါသည်။

“အို ရာမွန် သင်က
အရပ်ရပ်သော အဖိနိုပ်ခံလူတန်းစားတို့ အတွက်
တော်လှန်သော တပ်ဦးက
လွန်သွားတချောင်းဖြစ်ရဲ့
သင့်သေဖော်ဟာ ကျွန်ပ်ဖြစ်ပြီး
ကျွန်ုပ်သေဖက်က သင်ဖြစ်ရဲ့ ရာမွန်။”

ရာမွန်သို့ ပြန်စာထဲက ကဗျာတစ်ပိုဒ်။ ရင်ထဲကိုနင့်စေခဲ့။ အခုတော့ ကိုကေဇဝင်းဟာ သူ့ကဗျာထဲကို သူကိုယ်တိုင်ရောက်သွားပါပေါ့။ ကျွန်တော်တို့တွေ လေးစားဦးညွတ်လျက်ရှိပါသည်။

၄။

မုံရွာက ဘုရားနီလမ်းမှာ ကဗျာဆရာ ကေဇဝင်း ဦးခေါင်းကို သေနတ်နဲ့ပစ်ခံရသည်။ ပြီးတော့ တရွတ်တိုက်ဆွဲခေါ်သွားခြင်းခံရသည်။ ကဗျာဆရာ၏ သွေးတွေ လမ်းပေါ်မှာ ၊ နွေဦးတော်လှန်ရေးမှာ နီရဲနေပြီး လူငယ်တွေ၏ နှလုံးသားတွေကိုပါ ကဗျာဆရာ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်သတ္တိတွေ ကူးစက်စေခဲ့သည်။

“ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့မရ၊ ရှေ့တိုးပြီး ခုတ်မှရမယ်။
တော်လှန်ရေးပဲ
တွေးနေရုံနဲ့ မရ၊ သွေးအတိုင်း ရဲတက်လာမှ ရမယ်။
မတွေဝေနဲ့တော့
တော်လှန်ရေးရဲ့ စနက်တံဟာ
ခင်များမဟုတ်ရင် ကျနော်ပဲ ။”
(ကဗျာဆရာ ကေဇဝင်း၏ “ခေါင်းခွံများအကြောင်း” ကဗျာမှ)

၅။

ကဗျာဆရာ ကေဇဝင်းသည် လူနှင့် ကဗျာ တစ်ထပ်တည်းကျသည့် ကျွန်တော်တို့၏ နောင်တော်ကဗျာဆရာဖြစ်သည်။ လူချင်းမဆုံဖူးလိုက်ပေသိ သူ၏ လူနဲ့ကဗျာ တစ်ထပ်တည်းကျသည့် လမ်းစဥ်ကို ကျွန်တော် လေးစားရိုကျိုးသည်။

“သင်တို့ဘုရား ငါမဖူး” ဟု ရဲရဲဝံ့ဝံ့ထုတ်ဖော်ရေးသားခဲ့သည့် ကဗျာဆရာကို ကျွန်တော် လေးစားဦးညွှတ်ပါသည်။

၆။
“အရသာ မရှိဘူး”

လူအများကြီးက
ဆင်းရဲနေပြီး
လူနည်းနည်းလေးမှာချည်း
သုခဘုံဆိုက်နေတဲ့
ငါ့တိုင်းပြည်မှာ
တိုင်းပြည်ကို ချစ်ရတာလည်း
ငါ့မှာ အရသာ မရှိဘူး
အမိအဖကို ချစ်ရတာလည်း
ငါ့မှာ အရသာ မရှိဘူး
ငါ့ မိန်းမပျိုကို ချစ်ရတာလည်း
ငါ့မှာ အရသာ မရှိဘူး
ဘုရားရှိခိုးရတာကအစ
သွေးသားဆန္ဒ ဖြေဖြောက်ရခြင်းအထိ
ငါ့မှာ အရသာမရှိဘူး။

ကျပ်တီးကုန်းမြေဆိုးမှာ
ပေါက်ရောက်တဲ့
အလေနတော ပေါင်းမြက်ပင်တွေလို
ငါပေါက်ရောက်ခဲ့
ဆယ်စုနှစ် သုံးခုကာလတွင်းမှာ
ငါ့ကိုယ်ငါ ပြန်ကြည့်တယ်
ငါ့တိုင်းပြည်ကို
ငါပြန်ကြည့်တယ်
ငါ့မိတ်ဆွေများကို
ငါပြန်ကြည့်တယ်

ဘုန်းတော်ကြီးများမှ
တောင်းရမ်းစားသောက်သူများအဆုံး
အားလုံးကို
ငါ ပြန်ကြည့်တယ်
ကြည့်လိုက်တိုင်း
မြှုံးမိတဲ့ ငါးတွေချည်း ငါမြင်ရ
ဒုက္ခသစ္စာရဲ့ အရှိုးရာကြီးကို
ပြည်သွေးတစိုစို
စွတ်ကြောင်းတစ်ခုလိုပဲ
အထင်းသား ငါ မြင်ရ…..။
ကေဇဝင်း
နေရထိုင်ရတာ အရသာမရှိတဲ့တိုင်းပြည်၊ မြှုံးမိနေတဲ့ ငါးတွေလို ရှင်သန်နေကြရတဲ့တိုင်းပြည်ကို ကဗျာဆရာ ကေဇဝင်း စွန့်ခွာသွားတာ ငါးနှစ်ပြည့်ခဲ့ပြီ။ တိုင်းပြည်ရဲ့ လမ်းကြောင်းကတော့ ပြည်သွေးတစိုစိုနဲ့ ရှေ့ဆက်နေကြရဆဲ…။

၇။

အရသာ မရှိတဲ့ တိုင်းပြည်မှာ ငါတို့ဟာ အရသာပြည့်ဝတဲ့” ကဗျာဆရာ ကေဇဝင်း” ကို ရခဲ့ပြီ။

“ခင်ဗျားတို့နဲ့ ကျနော်နဲ့ ကွဲလွဲခဲ့လည်း
ခင်ဗျားတို့အတွက် ကျနော် အသက်ပေးမှာပဲ”
ဟုတ်ကဲ့။ ဒါဟာ သစ္စာ၊ မေတ္တာပြည့်လျှံနေတဲ့ နှလုံးသားက ပေါက်ဖွားလာသည့်စကား။ ကျွန်တော်တို့တွေ တတ်နိုင်သမျှ လိုက်နာကြစို့..။

#မောင်ချမ်းမြ
#မျက်မှောက်ခေတ်
#ရုပ်ပုံလွှာ

error: Content is protected !!