စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးက မင်းတဲကျေးရွာမှာ တပ်စွဲနေထိုင်တဲ့အာဏာသိမ်းစစ်တပ်ကို ဒေသတွင်းကာကွယ်ရေးတပ်က ဖေဖော်ဝါရီလ ၅ ရက် မနက်ပိုင်းမှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ BlackFalcon ဒေသကာကွယ်ရေးတပ်က ဒီကနေ့ဖေဖော်ဝါရီလ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းတဲကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကော်မရှင်အဖွဲ့ဝင်တွေက ဆိုင်ကယ်နဲ့ ထော်လာဂျီကို အသုံးပြုပြီး ထွက်လာချိန် မင်းတဲရွာနဲ့ သပြေတောရွာ လမ်းပိုင်းအရောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မင်းတဲနှင့် သပြေတော ဖောက်လမ်းပေါ်၊ နမခနဲ့ တမိုင်ကျော်ခန့်သာဝေးတဲ့ နေရာမှာကင်းဝပ် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ၂ပွင့် ဗိုလ်တစ်ဦးနဲ့ ရှေ့ပြေးဆိုင်ကယ်အဖြစ် မောင်းနှင်လာတဲ့စစ်သား၂ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုကြောင့် ထော်လာဂျီပေါ်ပါလာတဲ့ စစ်သားနဲ့ ပျူစောထီးဆိုသူ ၄ ဦး ထပ်မံသေဆုံးပြီး ၁၀ဦး ကျော်ထိခိုက်ဒဏ်ရာကာ MA-1 သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ BlackFalconအဖွဲ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မူကို Black Falcon တပ်ဖွဲ့နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ မုံရွာခရိုင်အမှတ် (၂၄) တပ်ရင်း တပ်ခွဲ (၃) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) – SRA တပ်ပေါင်းစုအဖွဲ့၀င် ၊ တိုက်နယ် (၅) ပလဖ ၊ ကနောင်မင်းသားကြီးတပ်ဖွဲ့၊သွေးသောက်ညီကို တပ်ဖွဲ့ ၊Three Star တပ်ဖွဲ့ ၊ နယ်မြေခံ အမေ့သားတပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သလို တစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း နမခ တိုင်းစစ်ဌာနချုပ်နဲ့ ကျောက်စစ်ပုံ အမြောက်တပ်က လက်နက်ကြီးပစ်ခတ်မှု တွေ ပြုလုပ်ခဲ့သလို မြေပြင်စစ်ကူအဖြစ်အင်အား၂၀၀ ကျော်နဲ့ တင့်ကားတွေ ရောက်ရှိလာခဲ့ပြီး အနီးပတ်၀န်းကျင်ကျေးရွာတွေက ပြည်သူတွေကို ရိုက်နှက်စစ်ဆေးမှုတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။






