Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကလေးမြို့မှာ စစ်တပ်က လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်

ကလေးမြို့မှာ စစ်တပ်က လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို ဖမ်းဆီးနေတာကြောင့် လူငယ်တွေအနေနဲ့ စစ်တပ်အဖွဲ့ဝင်တွေ စောင့်ပြီး ဖမ်းဆီးတတ်တဲ့နေရာတွေကို မသွားကြဖို့၊ မလိုအပ်ဘဲ အပြင်ကိုမထွက်ကြဖို့၊ အချင်းချင်းသတင်းဖလှယ်ကြဖို့ ကလေးမြို့ လူထုဦးဆောင် တိုက်ပွဲကော်မတီက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ၊ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့အရှေ့တောင်ဘက် ကျီးကုန်းဂိတ်နှင့် ကျီးကုန်းကျေးရွာထဲမှာ လူငယ်တွေကို စစ်မူထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

“ကျီကုန်းရွာက စစ်တပ်တွေနဲ့ နီးတယ်။ သူတို့ရွာမှာ လူငယ်တွေကို ပေါ်တာဆွဲတယ်ဆိုတာ သိပေမယ့် ဘယ်နှယောက်ဆွဲခံရတယ်ဆိုတာတော့ မသိဘူး။ တော်တော်တန်တန်လည်း အဲ့ဒီနေရာကို မသွားရဲဘူး” လို့ ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့ပေါ်က မြို့သာတံတား၊ ပင်လုံမီးပွိုင့်၊ မြို့ထွက်ဂိတ်များ၊ တံတားဦးစံပြလမ်းချိူး၊ စန်းမြို့ဘုန်းကြီးကျောင်းအနီး၊ ဘူတာလမ်းခွဲ၊ တောင်သာရပ်ကွက်တွေမှာ စောင့်ပြီး လူငယ်တွေကို ဖမ်းဆီးတတ်တာကြောင့် အဆိုပါနေရာတွေကို ရှောင်ရှားကြဖို့ သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ကလေးမြို့ပေါ်က လူငယ်တွေအနေနဲ့ မြို့ထဲကိုသွားစရာရှိရင် ကိုယ်သွားမယ့်လမ်းမှာ အာဏသိမ်းစစ်တပ်အဖွဲ့ဝင်တွေရှိမရှိ မေးမြန်းစုံးစမ်းပြီးမှ သွားလာသင့်သလို အာဏာသိမ်းစစ်တပ်ရှိတဲ့နေရာတွေကိုလည်း အချင်းချင်း သတင်းပေးပို့ကြဖို့ လိုတယ်လို့ ကလေးမြို့ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – ကလေးမြို့လူထုဦးဆောင်တိုက်ပွဲကော်မတီ

error: Content is protected !!