Home > သတင်း > တရားဉပဒေစိုးမိုးရေး > ယောဒေသ၊ ဂန့်ဂေါမြို့မှာ စစ်တပ်က အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး

ယောဒေသ၊ ဂန့်ဂေါမြို့မှာ စစ်တပ်က အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ဖေဖော်ဝါရီ ၄ ရက်နေ့၊ မွန်းလွဲပိုင်းမှာ အမျိုးသမီးနှစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မြို့အဝင် ခ.လ.ရ (၅၀) စစ်ဆေးရေးဂိတ်မှာ ကားပေါ်ပါလာတဲ့ တောင်ပေါ်က အမျိုးသမီးနှစ်ဦးကို ဖမ်းတာပါ။ ဘာကြောင့်ဖမ်းတယ် ဆိုတာတော့ မသိရသေးဘူး” လို့ ဂန့်ဂေါမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ ချင်းပြည်နယ်ကနေ ဂန့်ဂေါမြို့ကို လိုင်းကားနဲ့လာကြတဲ့ ချင်းအမျိုးသမီး တွေဖြစ်ပြီး အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တွေက တပ်ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသတွင်းသတင်းတွေကို တင်ဆက်နေတဲ့ ယောအလင်းတန်းကလည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ဂန့်ဂေါမြို့ပေါ်မှာ ချင်းပြည်နယ်က ချင်းအမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့ပေါ်က ခ.လ ရ (၅၀) စစ်တပ်ဟာ ဂန့်ဂေါမြို့ပေါ်မှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာတွေ ပြုလုပ်လေ့ရှိပြီး ပြည်သူတွေကြားမှာလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်တပ်ဂိတ်တစ်ခုဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Photo – Social Media (ပုံဟောင်း)
အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေ ဂန့်ဂေါမြို့ပေါ်မှာ စစ်ဆေးရေးပြုလုပ်နေစဥ်

error: Content is protected !!