စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့၀င် တွေအပါအ၀င် ကလေးငယ်တစ်ဦးနဲ့ အရပ်သားပြည်သူတွေပါ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက် မနက် ၁၀ နာရီ၀န်းကျင်က မုံရွာမြို့ ပညာရေးတက္ကသိုလ်အထိုင်ချ စစ်တပ်ကို တော်လှန်ရေးတပ်တွေက အိမ်စီးကားနဲ့ ၀င်ရောက်ပစ်ခတ်ခဲ့တဲ့နောက် စစ်တပ်က ပြန်လည်ပြီး လိုက်လံပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
“TTCကျောင်းထဲက စစ်သားတွေကို ကားနဲ့လာပစ်တာထင်ပါတယ်၊ အဲ့ဒီကနေ သာစည်လမ်းတလျှောက် အဲ့ဒီကားနောက် လိုက်ပြီး ပစ်တာစစ်သားတွေက၊ လမ်းဘေးအမှိုက်ကောက်နေတဲ့ ကလေးတစ်ယောက်သေတယ်၊ ဆိုက်တွဲသမားတစ်ယောက်လည်းသေတယ်၊ဆိုက်တွဲ ဆရာရဲ့ မိန်းမက ဒဏ်ရာရသွားတယ်၊ လမ်းသွားလမ်းလာပြည်သူထဲက သေတဲ့သူတွေလည်း ရှိတယ်ကြားတယ်” လို့ မုံရွာမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပညာရေးတက္ကသိုလ်အနီး အမှိုက်ပုံမှာအမှိုက်ကောက်တဲ့ ကလေးတစ်ဦး နေရာမှာတင်သေဆုံးပြီး သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရတာလည်း ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သာစည်ဈေးအနီးက သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးလည်း မျက်နှာမှာ သေနတ်ရှပ်ထိ ဒဏ်ရာရသွားသလို လမ်းဘေးမှာ ရပ်ထားတဲ့ ပြည်သူပိုင်ကားတစ်ချို့လည်း ထိခိုက်ပျက်စီးမှုရှိတယ်လို့ သိရပါတယ်။
“အဲ့ဒီကားပေါ်ပါတဲ့ လူ ၃ ယောက် သေတယ်ကြားတယ်၊ ကားကတော့ စုတ်ပြတ်နေတာပဲ၊ဘီးပေါက်၊နောက်မှန်ကွဲကြီးနဲ့ မောင်းလာတာ၊နောက်က စစ်သားတွေက လိုက်ပစ်တာ၊သာစည်မီးပွိုင်းနားရောက်တော့ မိသွားတယ်” လို့မြို့ခံပြည်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်က လိုက်လံပစ်ခတ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဟာ ဘယ်အဖွဲ့အစည်းက ဖြစ်တယ်ဆိုတာကိုတော့ လတ်တလော မသိရှိရသေးသလို အဖွဲ့အစည်းတွေဘက်က ထုတ်ပြန်တာလည်းမတွေ့ရသေးပါဘူး။
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး၊ဆိုက်တွဲဆရာတစ်ဦးနဲ့ ကားပေါ်ပါသူတွေ သေဆုံးခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စီးနင်းလာတဲ့ အဖြူရောင် မတ်တူး အိမ်စီးကားနဲ့ သေဆုံးသွားတဲ့ ဆိုက်တွဲဆရာရဲ့ သုံးဘီးဆိုက်တွဲကို စစ်တပ်က သိမ်းဆည်းယူဆောင်သွားတယ်လို့လည်း
သိရပါတယ်။
ဓာတ်ပုံ-စစ်တပ်ရဲ့ မြို့တွင်းပတ်ကင်းကားများ(ပုံဟောင်း)






