မဟာယောလေး(ဘူမိ)
(မျက်မှောက်ခေတ် ကဗျာ)
မိသားစု ထမင်းဝိုင်း
နေ့တိုင်းမျက်နှာစုံညီခွင့်မရ။
အလုပ်ကနောက်ကျသူ
ဆာလောင်မှုကြောင့် စောစောစားနှင့်သူ
မိသားစု မျက်နှာချင်းဆိုင်ဆုံမိဖို့ ခဲယဉ်းခဲ့။
ဒီနေ့တော့ ဒီထမင်းဝိုင်းလေးမှာ
ဟင်းအမယ်တွေ စုံလှတယ်။
ဖက်ဖယ်နိုင်နိုင်ထည့်ထားတဲ့ ငါးကချင်ချက်
ရခိုင်ငါးပိရည်ကျို
ချင်းရိုးရာ ဝက်သားပြုတ်
ရှမ်းဆန်စေး
ဗမာ ကြက်ကာလသားချက်
ကရင် တာလပေါဟင်းရည်
အတို့အမြုပ်အစုံအလင်နဲ့
ကယားခေါင်ရည်
မော်လမြိုင်က မုန့်ပဲသရေစာ
ပလောင်တွေရဲ့ လဖက်
မြေပြန့်က ပဲ
မြစ်ဝကျွန်းပေါ်က ပုဇွန်ခြောက်လည်းပါရဲ့။
ထမင်းဝိုင်းမှာ မိသားစုတွေ ဆုံရတာ
ညီညွတ်ခြင်းရဲ့ ပြယုဂ်
စည်းလုံးခြင်းရဲ့ သင်္ကေတ
ဒီထမင်းဝိုင်း အမည်ပေးချင်တယ်။
ဖက်ဒရယ် ထမင်းဝိုင်းလို့…။
အနပ်တိုင်း လက်ဆုံ စားပါရစေ။
#မဟာယောလေး(ဘူမိ)
#မျက်မှောက်ခေတ်
#ကဗျာ






