KTM
(မျက်မှောက်ခေတ် သရော်စာ)
ကာထာကျယ်ရွာ ကလေးက မောင်အောင်ဘုသည် ယခုရက်ပိုင်းအတွင်း သူ့ခြံဝင်းကို ဂရုတစိုက်ဖာထေးနေ၏။ ဝင်းထရံပေါက်နေသည့်နေရာတွေကို အုန်းလက်ခြောက်တွေထိုးပြီး ပိတ်၏။ အိမ်ဝင်းသန့်ရှင်းရေးကိုလည်း လုပ်၏။ သူ့အိမ်ရှေ့က သရက်ပင်မှ လမ်းမပေါ်ကို ထွက်နေသည့် သရက်ကိုင်းများကိုလည်း ခုတ်၏။
အောင်ဘု သရက်ကိုင်းတွေကို မခုတ်ခင် သူ့အိမ်နီးချင်း ကိုမြင့်ဆွေက “ဟ အောင်ဘုရ မင်းသရက််ကိုင်းတွေ လမ်းကနေအမြင့်ကြီးမှာပါကွ။ ဆယ့်နှစ်ဘီးကားလာရင်တောင်လွတ်ပါတယ်။ မခုတ်ပါနဲ့ နှမျောစရာ” ဟု တားသေး၏ ။ အောင်ဘုက ကိုမြင့်ဆွေကို ” ခင်များသိတာနည်းနည်းလေး ကျနော်ခုတ်ပြီးမှပြောပြမယ်” ဟု အပင်ပေါ်ကနေ ပြန်ပြောခဲ့၏။
အောင်ဘု အပင်ပေါ်မှ ဆင်းလာပြီးနောက် ပြောလိုက်သည့် စကားကြောင့် ကိုမြင့်ဆွေ မျက်လုံးပြူးသွားရ၏။ ” ဘာ..မင်းဟာက အောင်ဘု နိုင်ငံတော် ဆိုပြီး တည်ထောင်မယ်။ ဟုတ်မှလည်း လုပ်ပါငါ့ကောင်ရာ” ဟုသာ ကိုမြင့်ဆွေပြောနိုင်တော့သည်။
“ခများ တယ် ဒုန်းဝေးတယ်ဗျာ..။ ခုဟာက တော်လှန်ရေးကာလ။ ဒီလိုကာလမှာ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်ယူနိုင်စွမ်းရှိရမယ်ဗျ။ ဒီတော့ ကျုပ်အိမ်ဝင်း ကျူပ်ပိုင်တယ်။ ကျုပ်ရဲ့ဝင်းဟာ ကျုပ်နိုင်ငံတော်ပဲ။ အောင်ဘုနိုင်ငံတော်ပဲ။ ကျုပ်အိမ်ဝင်းကနေ ကျုပ်ဘယ်ကိုမှ မကျူးကျော်ဘူး။ ဒါကြောင့် အခုပဲ ကျုပ်နိုင်ငံနယ်နိမိတ်ကနေ ဝေဟင်မှာ ကျူးနေတာမျိုး မဖြစ်ရအောင် သရက်ကိုင်းတွေကို ခုတ်ချပစ်တာပဲ” ဟု အောင်ဘုက သူ့နိုင်ငံတော်တည်ထောင်ခြင်း အကြောင်းကို ပြောပြလေသည်။
ကာထာကျယ်ရွာကလေးတွင် အောင်ဘု နိုင်ငံတော် တည်ထောင်ခြင်း သတင်းသည် ချက်ချင်းပြန့်နှံသွား၏။ ဦးညိုအောင်သည် သည်တစ်ခါတော့ သူ့တူတော်မောင် အောင်ဘုကို တစ်ခုခုပြောမှဖြစ်တော့မည်ဟု ဆိုကာ အောင်ဘုနိုင်ငံတော်သို့ သွားရလေသည်။
အောင်ဘုနိုင်ငံတော် လုံခြုံရေးကို တာဝန်ယူထားသော ဝါတုတ်မှာ ဦးညိုအောင်ကို သိနေပြီးသားဖြစ်သဖြင့် အောင်ဘုနိုင်ငံတော်နယ်စပ်ကို ဦးညိုအောင် အသာကျော်ဖြတ်ကာ အောင်ဘုနိုင်ငံတော်သမ္မတ အောင်ဘုထံသို့ အလွယ်တကူရောက်သွားခဲ့လေသည်။
အောင်ဘုကို တွေ့တွေ့ချင်းချင်း ဦးညိုအောင်က ” မင်း ဘာတွေ လုပ်တာတုန်း။ လူဆိုတာ ရွာနဲ့ ရပ်နဲ့နေတာကွ” ဟု အောင်ဘုကို စကားစပြောခါစရှိသေး၊ သမ္မတကြီး အောင်ဘုက ဦးညိုအောင်ကို လက်ကာပြလိုက်၏။ ဦးညိုအောင် စကားတန့်သွား၏။ အောင်ဘုစကားသံ ထွက်ပေါ်လာလေသည်။
“ဘကြီးပြောတဲ့ စကား ကျနော် လက်ခံပါတယ်။ ဒါကြောင့်လည်း ကျနော့်နိုင်ငံတော်ရဲ့ နိုင်ငံခြားရေးဌာနကို ကျနော့အဒေါ်ကို တာဝန်ပေးထားပါတယ်။ သာရေး၊ နာရေးတွေကို အိမ်နီးချင်းတွေနဲ့ လက်တွဲဆောင်ရွက် သွားမှာပါ” ဟု ဆိုလေသည်။
” အေးပါ ငါ့တူရာ၊ ငါဉာဏ်မမီတာပါ” ဟု ဦးညိုအောင်သည် စိတ်ပျက်လက်ပျက်ဆိုလေသည်။ အောင်ဘုသည်ပြုံး၏။ ထို့နောက် အိမ်ထဲသို့ ဝင်သွားပြီး လက်ထဲမှာ ဗလာစာအုပ်အဖုံးခွံကို ဖြတ်ထားသော လေးထောင့် ကတ်ထူကိုကိုင်လာ၏။ ထိုကတ်ထူစာရွက်ကလေးအောက် တစ်နေရာတွင် အောင်ဘု ချိုးသိုက်နဲ့တူသော လက်မှတ်ကို ထိုးကာ ဦးညိုအောင်အားပေးရင်း စကားဆို၏။
“ဒါနောက် ကျနော့ဆီလာရင် အလွယ်တကူ လာလို့ရအောင် ဗီဇာကဒ်ပြားပါ။ ဘကြီးရယ်၊ ကိုမြင့်ဆွေတို့ရယ်ကတော့ ကျနော် ဗီဇာအလွယ်ကူပေးမှာပါ။ မင်းအောင်တို့လို အေးကိုတို့လို လူမျိုးတွေကိုတော့ ကျနော့်နိုင်ငံတော်ကို ဝင်ခွင့်ဗီဇာပေးမှာမဟုတ်ပါဘူး” ဟု ပြောလေသည်။
အောင်ဘုနိုင်ငံတော်သို့ ဝင်ခွင့်ဗီဇာရရှိရေးအတွက် အရီးလှငွေသည် ကြိုးစားရ၏။ သူ့အိမ်ဝင်းမှာ အောင်ဘုအိမ်ဝင်းနဲ့ ကပ်လျက်ဖြစ်ပြီး ဖြတ်သွားဖြတ်လာ လုပ်လို့ရအောင် ဗီဇာယူထားရခြင်းဖြစ်လေသည်။
“မင်းကွာ မင်းအိမ်ဝင်းထဲ ဝင်ရမယ့်အရေး မင်းဆီက လက်မှတ်ကို မမေ့မလျော့ အိတ်ကပ်ထဲ ထည့်ယူလာခဲ့ရတာက မနိပ်ပါဘူး။ ဘာကြီးလဲကွာ။ တရွာတည်းသားခြင်းတွေပဲဟာ” လို့ အောင်ဘုသူငယ်ချင်း ထွန်းလင်းက ပြောတော့”ငါ့အိမ်ဝင်းဟာ ငါ့နိုင်ငံတော်။ ကာထာကျယ်ရွာကလေးမှာ သီးသန့်နိုင်ငံတော်ရှိတာကို ဂုဏ်ယူစမ်းပါကွာ။ နိုင်ငံသီးသန့်ရှိတဲ့ ရွာဆိုလို့ ကမ္ဘာပေါ်မှာ ငါတို့ကာထာကျယ်ရွာပဲ ရှိတယ်ကွ” ဟု အောင်ဘု ဆိုလေသတည်း။
#မျက်မှောက်ခေတ်
#KTM
#သရော်စာ






