H.PM
(မျက်မှောက်ခေတ် သတင်းဆောင်းပါး)
မြန်မာစစ်တပ်သည် စစ်အာဏာသိမ်းကတည်းက ချင်းတောင်ပေါ်တွင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲတွေ တောက်လျောက်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အရှုံးနဲ့သာ ရင်ဆိုင်နေရသည်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလကုန်ပိုင်းကနေ ချင်းပြည်မြောက်ပိုင်းကို စစ်ကြောင်းထိုးခဲ့သည့် အာဏာသိမ်းစစ်တပ်သည် သေဆုံးမှုတွေများပြားခဲ့ပြီး ၂၀၂၆ နှစ်ဆန်းပိုင်းတွင် စစ်တပ်၏ စစ်ရေးရှူံးနိမ့်မှုတွေမှာ ပိုမိုထင်ရှားလာသည်။
ဒီနှစ်ဆန်းပိုင်းတွင် ချင်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်၏ စစ်ရေးရှူံးနိမ့်မှုတွေက ပိုမိုထင်ရှားလာသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းအထိ တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်၏ အရာရှိတွေအပါအဝင် သုံ့ပန်း ၃၀ ခန့်နှင့် လက်နက်မျိုးစုံ ၆၀ ကျော် သိမ်းဆည်းရရှိထားကြောင်း ချင်းညီနောင်အဖွဲ့က People’s Spring မီဒီယာကို ပြောဆိုထားသည်။
တီးတိန်မြို့နယ် ၊ ကနေဒီတောင်မှာ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို ချင်းညီနောင်အဖွဲ့ဝင် PDF- Zoland နဲ့ ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF CDM Siyin တို့ က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့သည်။ အဆိုပါ ကနေဒီတောင်တိုက်ပွဲတွင် သုံ့ပန်း ၂၀ ဝန်းကျင်နဲ့ လက်နက် ၃၀ သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းတွေအရ သိရသည်။
တီးတိန်မြို့နယ်တွက်သာမက ဖလမ်းမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်သည် ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရသည်။ ဇန်နဝါရီ ၅ ရက်နေ့က ဖလမ်းမြို့အနောက်ဘက် ၁၈ မိုင်အကွာက ခွါလ်လီကျေးရွာဝန်းကျင်မှာ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်စခန်းနှစ်ခုကို သိမ်းပိုက်ခဲ့သည်။
အဆိုပါစခန်းနှစ်ခုသိမ်းပိုက်မှုတွင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ကြီး၊ လက်နက်ငယ် ၁၅ လက် သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က မီဒီယာတွေကို ပြောဆိုထားသည်။
ချင်းပြည်နယ်တွေ အရှင်ဖမ်းမိသော အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေ၏ အရေအတွက်ကိုသာ သိရပြီး သေဆုံးမှုကို အတိအကျ သိရှိရခြင်းမရှိပေ။ သို့သော် ချင်းတောင်သို့ စစ်ကြောင်းထိုးသည့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုမှာ များပြားကြောင်း ဒေသတွင်းကလူတွေ အသုံးပြုသည့် လူမှုကွန်ယက် ဗွီဒီယိုများက တဆင့် သိရသည်။
ချင်းပြည်နယ်မြောက်ပိုင်းကို အာဏာသိမ်းစစ်တပ်က နယ်မြေပြန်လည်စိုးမိုးရေးအတွက် ဆောင်းဦးရာသီမှစပြီး ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ဆင်ရေးအတွင်း ရှုံးနိမ့်မှုတွေကြုံရသည့်အပြင် ချင်းပြည်မြို့တော် ဟားခါးမြို့က ၂၆၆ တပ်စခန်းကိုပါ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ဟားခါးမြို့၊ ရုန်းတောင်မှာ တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်ကို ဒေသခံ CDF – Hakha က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့သည်။ အဆိုပါတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ကျဆုံးမှုရှိခဲ့သည်။ စခန်းကို မသိမ်းပိုက်နိုင်ခဲ့သော်လည်း ပြည်နယ်မြို့တော်၏ အထိုင်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခံရခြင်းက ချင်းပြည်နယ် အာဏာသိမ်းစစ်တပ်၏ အခြေအနေကို ဖော်ပြနေသည်။
အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးခဲ့သည့် တီးတိန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ချေမှုန်းနိုင်ခဲ့သည့်အပြင် အာဏာသိမ်းစစ်တပ်ရှိရာ တီးတိန်မြို့ကိုပင် မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည်ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထုတ်ပြန်ထားသည်။
တကယ်တော့ အာဏာသိမ်းစစ်တပ်သည် ချင်းပြည်စစ်ဆင်ရေးများတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစ ဆက်တိုက်ရှူံးနိမ့်နေခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းအထိသာ အာဏာသိမ်းစစ်တပ်သည် ချင်းတောင်ပေါ်ကို ကားတန်းများနဲ့ တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်သည် ချင်းပြည်စစ်ဆင်ရေးများကို ကားနဲ့သွားလာခြင်း မပြုလုပ်နိုင်ကြတော့ပေ။
၂၀၂၃ ခုနှစ်က မတ်လက ကလေးမြို့ကနေ ဟားခါးမြို့ကိုသွားလာခဲ့သော သံချပ်ကာယာဥ်များအပါအဝင် ကားအစီး ၃၀ သည် ဟားခါးမြို့သို့မရောက်ဘဲ လမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖျက်ဆီးမှုကို ခံခဲ့ရသည်။
လက်ရှိအချိန်တွင်တော့ ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်သည် ခြေလျင်စစ်ကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုသာ ပြုလုပ်နေရသည်။ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ပြီး စစ်ဆင်ရေးပြုလုပ်နေသော်လည်း အာဏာသိမ်းစစ်တပ်သည် ရှုံးမြဲရှူံးလျက်ပင်ရှိသည်။
အာဏာရှင်တို့သည် သူတို့လက်အောက်ခံစစ်သားများသာမက ပြည်သူ့ရင်သွေးလူငယ်ပေါင်းများစွာ၏ အသက်ကို ချနင်းပြီး သူတို့အာဏာတည်မြဲရေးအတွက် ကြိုးစားနေကြသည်။ ထို့ကြောင့် ချင်းပြည်နယ်သို့ အပို့ခံရသည့် စစ်မှုထမ်းများအနေဖြင့် အာဏာသိမ်းစစ်တပ်လက်အောက်ကနေ ထွက်ပြေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များနဲ့ ချိတ်ဆက်အလင်းဝင်သည့် နည်းလမ်းသည်သာ မိမိအသက် မဆုံးရှုံးအောင် ကာကွယ်နိုင်သည့် နည်းလမ်းဖြစ်ပါသည်။
လက်ရှိချင်းပြည်နယ်ထဲသို့ ရောက်ရှိနေသော အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်တွေဆီကို အာဏာသိမ်းစစ်တပ်သည် လေကြောင်းကနေ ရိက္ခာချပေးခြင်း၊ လေကြောင်းကနေ ဆက်တိုက်ပစ်ကူပေးခြင်းတို့ လုပ်ဆောင်နေပြီး ထပ်မံအင်အားဖြည့်တင်းနိုင်ခြင်းမရှိပေ။
ချင်းပြည်သူတို့၏ တော်လှန်ရေးစိတ်ဓာတ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်မှုစွမ်းရည်၊ ချင်းပြည်နယ်၏ ရာသီဥတုနဲ့ ပထဝီတို့အားလုံးသည် အာဏာသိမ်းစစ်တပ်ကို အရှုံးကြီးရှုံးစေပြီး ချင်းပြည်နယ်မှ တော်လှန်ရေးအဖွဲ့အစည်းများ ညီညွတ်ပါက ချင်းပြည်နယ်တစ်ခုလုံးသည် အာဏာသိမ်းစစ်တပ်ကင်းစင်သည့် ပြည်နယ်ဖြစ်လာမည်ဖြစ်ဟု တော်လှန်ရေးအင်အားစုနှင့် ပြည်သူတွေက မျှော်လင့်ယုံကြည်ထားကြပါသည်။






