ဝေလင်းလက်
(မျက်မှောက်ခေတ် အက်ဆေး)
အပြင်မှာတော့ မိုးမချုပ်သေး။ ဒါပေမယ့် သူတို့နေသည့်နေရာမှာတော့ မှောင်နေပြီ။ သူတို့တဲတန်းလေးကို ချောက်ကမ်းပါးနှစ်ဖက်က ကာရံထားသည်။ သစ်ပင်နှင့် ဝါးပင်တွေက အုပ်မိုးထားသည်။
သစ်ကိုင်းတစ်ကိုင်း မချိုးရ။ ဝါးတစ်ပင်မျှမခုတ်ရ။ မျှစ်တစ်ချောင်းမျှ မချိုးရ။ ဒါတွေဖောက်ဖျက်လျင် ဒီနေရာမှာ နေခွင့်ဆုံးရှုံးမည်ဖြစ်ကြောင်း မြေပိုင်ရှင်က သူတို့ကို ပြောထားသည်။
သူတို့သည် မှောင်မဲနေသော လျိုမြှောင်လေးထဲတွင် လက်ရှိဖြစ်ပျက်နေသည့် ခေတ်ကြီးကနေ ပုန်းခိုဖို့ ကြိုးစားနေကြသည်။ လောကဓံသည် သူတို့ နေရာကို အလွယ်တကူပင် ရောက်လာနိုင်သည်ကို သူတို့တွေ့ကြရသည်။
အသက်ခုနစ်ဆယ်နီးနေသည့် အဖိုးကြီးနဲ့ အဖွားကြီး သည်ချောက်ကြားထဲက တဲမှာနေကြသည်။ အဖိုးကြီးက နားလည်းလေးသည်။ ကျန်းမာရေးလည်း မကောင်း။ အဖွားကြီးက ကောက်စိုက်၊ ပေါင်းထိုး၊ နှမ်းချိတ်၊ ပဲချိတ် နေ့စားလိုက်ပြီး သူတို့နှစ်ဦးစားသောက်ကြရသည်။ တောထဲက အေးစက် မဲမှောက်နေသည့် ချောက်ကြားထဲမှ ဖြာလင်းနေသည့် သစ္စာ၊ မေတ္တာတရားကို တွေ့ရသည်။
ငါးနှစ်အရွယ် ကလေးတစ်ယောက် တစ်ကိုယ်လုံးရောင်နေသည်။ မျက်နှာတွေ၊ ခြေထောက်တွေ၊ လက်တွေက သိသိသာသာ ဖောင်းကြွနေသည်။ ယားနာတွေက ပေါက်နေသေးသည်။ ဆေးလည်းမရှိ။ ဘာဖြစ်မှန်း တိတိကျကျမသိ။
ဆေးကုသပေးမည့်သူကို မိဘတွေက မျှော်လင့်ကြသည်။ ဖောရောင် နေသော ကလေးသည် မှောင်မဲနေသည့် ချောက်ကြားထဲမှာ သဲမြေတွေနဲ့ အတူဆော့နေသည်။ သူမှ မဟုတ် ။ တစ်နိုင်ငံလုံးရောင် ကိုင်းနေသည်။ အထက်မှာထိုင်သည့်သူတွေ ယားနာပေါက်ပြီး ဟိုကုတ်၊ သည်ကုတ်လုပ်နေကြတာ တွေ့ရသည်။
တဲတစ်တဲမှာ လူကြီးနှစ်ယောက်၊ ကလေးရှစ်ယောက်လောက်ဝိုင်းပြီး စားပွဲပေါ်မှာ ထောင်ထားသည့် ဖုန်းတစ်လုံးကို ဝိုင်းကြည့်နေကြသည်။ ဖုန်းကို ဘလူးတူးဘောက်နဲ့ တွဲထားသည့်အတွက် ဘလူးတူးဘောက်မှ ထွက်ပေါ်လာသည့် သေနတ်သံတွေကို ကြားနေရသည်။
သူတို့ကြည့်နေကြတာက ရုပ်ရှင်ကားမဟုတ်ပါ။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်အောင်နိုင်နေသည့် လိုင်းပေါ်က ဗွီဒီယို တစ်ခုဖြစ်သည်။ သူတို့ သဘောကျနေကြသည်။ သူတို့ရွာကို နိုပ်စက်ခဲ့သော စစ်တပ်ကျရှုံးနေသည်ကို ချောက်ကြားတဲလေးထဲမှာ အရသာခံနေကြသည်။
သူတို့ကိုနှုတ်ဆက်ပြီး ချောက်ကြားလေးထဲကနေ တောင်ကုန်းပေါ်ကို တက်ဖို့ပြင်သည်။ တစ်ကိုယ်လုံးရောင်ကိုင်းနေသည့် ကလေးအတွက် ဆေးဝါးကုသမှုရအောင် ဆောင်ရွက်ပေးမည်ဟု ကတိပေးခဲ့သည်။ ချောက်ကြားကနေ တောင်ကုန်းပေါ်တက်ရသည့် လမ်းက မတ်စောင့်သည်။ သူတို့ဘဝတွေ ပုံမှန်အနေအထားရောက်ဖို့ ဒီလိုမတ်စောင့်သည့် တောင်ကုန်းလမ်းကို တက်ကြရဦးမည်။
တောင်ကုန်းပေါ်ရောက်တော့ ခဏအပန်းဖြေသည်။ ဝါးရုံတောက ငှက်ကလေးတွေ မြည်သံကို ကြားရသည်။ မိုးချုပ်စပြုပြီ။ အမှောင်ထု စတင်ပြိုဆင်းလာလေပြီ။ တက်လာခဲ့သည့် ချောက်ကြားထဲကို ကြည့်တော့ အမှောင်ကိုသာ မြင်နေရသည်။ ဘလူးတူးဘောက်နဲ့ တွဲဖွင့်ထားသည့် ဖုန်းကအသံလည်း ရပ်သွားလေပြီ။ တိတ်ဆိတ်မှုသာ ကြီးစိုးနေတော့သည်။
ကျွန်တော် ပြန်ဖို့ပြင်ဆင်ရသည်။ ဆိုင်ကယ်ရှိရာသွားနေတုန်း ချောက်ကြားထဲက ပြိုင်တူရွတ်ဆိုသံ ထွက်လာသည်။ ကျွန်တော်ခြေလှမ်းတွေရပ်ပြီး နားထောင်မိလျက်သားဖြစ်သွားသည်။ သူတို့တွေ တဲတစ်တဲမှာ စုပြီး စုပေါင်း ဖယောင်းမီးလှူကာ ဘုရားရှိခိုးကြသည့် အသံ။ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ အနာမျိုး ကိုးဆယ့်ခြောက်ပါးကနေ သူတို့လွတ်မြောက်ဖို့ သူတို့ဆုတောင်းပြီးနောက် မေတ္တာပို့ကြသည်။
“လုံးစုံများစွာ သတ္တဝါ ဘေးရန်ခပ်သိမ်းငြိမ်းပါစေ..” ။ သူတို့မေတ္တာပို့သံတွေသည် ချောက်နံရံကမ်းပါးတွေကို ရိုက်ခတ်ပြီး လျှံထွက်လာသည်။ ကျွန်တော့ရင်ထဲမှာ လှိုက်ခနဲဲ။ ထို့နောက် မျက်ရည်ဝဲလာပါတော့သည်။
#ဝေလင်းလက်
#မျက်မှောက်ခေတ်
#အက်ဆေး






