စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ် လက်အောက်ခံရုံးတွေဟာ အပတ်စဥ် စနေ ၊ တနင်္ငနွေ ရုံးပိတ်ရင်အပြင် ဗုဒ္ဓဟူးနေ့ကို ရုံးပိတ်ရက်အဖြစ် တစ်ရက်တိုးသတ်မှတ်ပြီး ဒီကနေ့ မတ် ၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကစ ရုံးတွေစပိတ်ကြောင်း ကလေးမြို့ခံတွေဆီက သိရပါတယ်။
“ဓာတ်ဆီချွေတာဖို့လို့ လည်းပြောတယ်။ ဗုဒ္ဓဟူးနေ့ ရုံးပိတ်ရက်တစ်ရက်တိုးတော့ တစ်ပတ်ကို ရုံးပိတ်ရက်သုံးရက်ဖြစ်သွားတာပေါ့” လို့ စစ်တပ်လက်အောက်ခံဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ ကလေးမြို့ဒေသခံ အမျိုးသမီး ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က စက်သုံးဆီချွေတာရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဝန်ထမ်းတွေကို ရုံးတက်စရာမလိုပဲ အိမ်မှာပဲ ရုံးလုပ်ငန်းတွေဆောင်ရွက်ဖို့ ထုတ်ပြန်ထားပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်မှုမှာ စစ်တပ်လက်အောက်ခံ အမှုထမ်းတွေသာ အကျုံးဝင်ပြီး ပုဂ္ဂလိက ဝန်ထမ်းတွေ မပါဝင်ကြောင်း သိရပါတယ်။
ရုံးပိတ်တဲ့ ဗုဒ္ဓဟူးနေ့မှာ စစ်တပ်ဝန်ထမ်းတွေက ရုံးသွားစရာမလိုဘဲ ပုဂ္ဂလိက ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေသာ သွားလာကြမှာဖြစ်လို့ စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ကလေးမြို့ပေါ်မှာ စစ်တပ်က ဆိုင်ကယ်စီးနေတဲ့ လူငယ်တွေကို ပေါ်တာဆွဲတာ၊ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတာ၊ ငွေညစ်တာတွေ လုပ်လေ့ရှိတာကြောင့် ဗုဒ္ဓဟူးနေ့ ရုံးပိတ်ရက်တင်မဟုတ်ပဲ နေ့တိုင်း သတိထားသွားလာကြဖို့လိုတယ်လို့ ဒေသခံ အမျိုးသားက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားတဲ့ ဗုဒ္ဓဟူးနေ့မှာ မြို့ထဲမှာ ဆိုင်ကယ်အပါအဝင် မြို့ထဲမှာ ဘယ်ယာဥ်မှ မောင်းခွင့်မရှိဘူးဆိုတဲ့ သတင်းတွေလည်း အွန်လိုင်းပေါ်မှာ ပျံနှံနေပါတယ်။
“ရုံးပိတ်တာပါ။ ဆိုင်ကယ်တွေစီးလို့ရပါတယ်။ ဒီနေ့ပဲ ဆိုင်ကယ်စီးခဲ့သေးတာ။ အခြားသူတွေလည်း စီးနေကြပါတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပုံအညွှန်း – ကလေးမြို့ပေါ်မြင်ကွင်း(ပုံဟောင်း) Photo – CJ






