Home > ဆောင်းပါး > မြန်မာ့မြေရှားကျိန်စာ

မြန်မာ့မြေရှားကျိန်စာ

ဘုန်းမောင်
(မျက်မှောက်ခေတ် ဆောင်းပါး)

ထိုင်းနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ကြီးကြီးကျယ်ကျယ်ကျင်းပလေ့ရှိတဲ့ ဆုန်ခရမ်‌ရေသဘင်ပွဲတော်မကျင်းပခင် ရက်ပိုင်းအလိုလောက်မှာပဲ ချင်းရိုင်‌ဒေသမှာနေထိုင်သူတွေဟာ ထိုင်းအစိုးရရဲ့သတိပေးချက်တစ်ခုကို လက် ခံရရှိခဲ့ကြပါတယ်။

အဲဒီသတိပေးချက်ကတော့ ဆုန်ခရမ်ကစားကြမယ့် ချင်းရိုင်‌ဒေသခံတွေအနေနဲ့ ကော့ မြစ် (Kok River) က‌ရေတွေနဲ့‌ရေမကစားကြဖို့ပါပဲ။

ထိုင်းအစိုးရက ကော့မြစ်‌ရေနဲ့‌ရေမကစားကြဖို့သတိပေးချက်ကို ဘာကြောင့်ထုတ်ပြန်လိုက်ရတာပါလဲ. . .?

ဒီမေးခွန်းအတွက်အဖြေကတော့ မြစ်အထက်ပိုင်းက‌ရေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ကြည့်တဲ့အခါ အာ ဆင်းနစ်နဲ့ အခြားအန္တရာယ်ရှိတဲ့သတ္တုတွေကို ကော့မြစ်‌ရေမှာတွေ့ရှိလာရတဲ့အတွက်ကြောင့်ပါ။

မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်မှာ စတင်မြစ်ဖျားခံစီးဆင်းလာတဲ့ ကော့မြစ်‌ရေချိုးပြီးနောက်မှာတော့ အ‌ရေပြား နီမြန်းတာ၊ ဆင်တွေမှာ နာမကျန်းဖြစ်တဲ့လက္ခဏာတွေပြသတာနဲ့ ‌ရေထဲကငါးတွေသေဆုံးနေတာ တွေ့ရှိရ ပြီးနောက်မှာတော့ မြစ်တလျှောက်နေထိုင်နေကြသူတွေအနေနဲ့ ကော့မြစ်‌ရေကိုအသုံးမပြုကြဖို့သတိပေး ချက်ကို ၂၀၂၅ ခုနှစ် နှစ်စပိုင်းလောက်မှာပဲ ထိုင်းအစိုးရကထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချင်းရိုင်နေပြည်သူတွေက နှစ်သစ်ကူးပွဲတော်ကို စည်စည်ကားကားကျင်းပဖို့ပြင်ဆင်နေချိန်မှာပဲ သူတို့အတွက်အသက်တမျှအ‌ရေကြီးတဲ့ ကော့မြစ်ရဲ့မြစ်‌ရေကိုအသုံးမပြုကြဖို့ အစိုးရရဲ့ကန့်သတ်ပိတ်ပင်မှုနဲ့ကြုံလိုက်ရပါတော့တယ်။

အဲဒီအချိန်ကစပြီး အခြေအနေတွေက အဆိုးဘက်ကို ပိုပြီး ဦးတည်လာခဲ့ပါတော့တယ်။ နောက်ဆက်တွဲစမ်း သပ်စစ်ဆေးမှုတွေဆောင်ရွက်တဲ့အခါမှာတော့ ကော့မြစ်နဲ့စိုင်မြစ် မြစ်နှစ်မြစ်စလုံးမှာရှိတဲ့မြစ်‌‌ရေတွေမှာ ညစ်ညမ်းမှုတွေကို တွေ့ရှိခဲ့ရပါတယ်။

အထူးသဖြင့်ကတော့ ထိုင်း – မြန်မာထိစပ်နေတဲ့ နယ်စပ်တလျှောက် မှာပါ။ နမူနာအဖြစ်စုဆောင်းထားတဲ့မြစ်‌ရေတွေကို စမ်းသပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ မြစ်‌ရေအများစုက ဘေးကင်းလုံခြုံတဲ့အဆင့်ကိုကျော်လွန်နေပြီး အာဆင်းနစ်ပါဝင်နှုန်းက အဆမတန်များပြားနေတာ တွေ့ ရှိခဲ့ရသလို အချို့နေရာမှာတော့ မြစ်‌ရေက ကြောက်မက်ဖွယ်ကောင်းတဲ့ အဝါ‌ရောင်မြစ်‌ရေအဖြစ်ပြောင်းလဲ သွားတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ပိုပြီးအံ့ဩထိတ်လန့်ဖို့ကောင်းတာက ကော့မြစ်နဲ့စိုင်မြစ်တို့စီးဆင်းဝင်‌ရောက်တဲ့ မဲခေါင်မြစ်‌ရေထဲမှာလည်း အာဆင်းနစ်ပါဝင်နှုန်း အဆမတန်များပြားနေတာတွေ့ရှိလိုက်ရတာပါ။ မဲခေါင်မြစ်အတွင်းက နေရာနှစ်နေ ရာကိုစမ်းသပ်ကြည့်တဲ့အခါမှာလည်း ဘေးကင်းလုံခြုံ‌ရေးအဆင့်ကိုကျော်လွန်ပြီး အန္တရာယ်ကြီးမားတဲ့ အဆင့်ဆီရောက်ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။

စမ်းသပ်စစ်ဆေးမှုတွေအရ မြစ်‌‌ရေတွင်းပါဝင်တဲ့အဆိပ် သင့်ညစ်ညမ်းမှုက အ‌ရှေ့တောင်အာရှအတွက်အ‌ရေးအပါဆုံးသောရေလမ်းကြောင်းဆီကိုပါ တဖြည်းဖြည်း ချင်းပျံ့နှံ့စိမ့်ဝင်သွားနေတယ်ဆိုတာညွှန်ပြနေပြီး ဒါကပဲ များစွာစိုးရိမ်ဖို့ကောင်းနေပါတော့တယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း‌ဒေသတွေမှာ ရွှေတူးဖော်မှုမြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းမှာ မဆင်မခြင်ရွှေတူး ဖော်မှုမြင့်တက်လာခဲ့ပြီးနောက်ပိုင်း မြစ်‌ရေတွင်းအာဆင်းနစ်ပါဝင်မှုများပြားလာတာတွေ့ရှိလာရပါတယ်။

မြန်မာလိုစိန်ဖြူလို့ခေါ်လေ့ရှိတဲ့အာဆင်းနစ်ဟာ အဝါ၊ အနက်နဲ့မီးခိုးဆိုတဲ့ သုံး‌မျိုးစပ်အ‌ရောင်ဖြစ်ပြီး ‌ ငွေ‌ရောင်သမ်းနေတဲ့ ကြွပ်ဆတ်တဲ့ပုံဆောင်ခဲတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ရွှေပါဝင်တဲ့သတ္တုရိုင်းတွေ ကျိုး ပျက်ကြေမွသွားတဲ့အခါ ထွက်ပေါ်လာလေ့ရှိတတ်ပါတယ်။

ဒါ့အပြင် ရွှေထုတ်ယူရာမှာ ပြဒါးနဲ့ဆိုင်ယာနိုက် လို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတတ်တဲ့အရာတွေကိုလည်း အသုံးပြုရလေ့ရှိတတ်တာကြောင့် အဲဒီ သတ္တုတွေကလည်း မြစ်‌ရေကို ပိုပြီးညစ်ညမ်းစေနိုင်ပါတယ်။ ဖော်ပြခဲ့တဲ့အဆိပ်သင့်သတ္တုတွေက မြန်မာနိုင်ငံကနေ မြစ်ဖျားခံစီးဆင်းလာတဲ့ ကော့နဲ့စိုင်မြစ်ထဲ စိမ့်ဝင်စီးဆင်းသွားပါတော့တယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံ‌ရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုကိုယ်စားပြုတဲ့ မြန်မာနိုင်ငံရဲ့အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ‘ဝ’ ပြည်‌သွေးစည်းညီညွတ်‌ရေးတပ်မတော် – UWSA ထိန်းချုပ်ထားတဲ့‌‌ဒေသတွေမှာ သတ္တုတူး ဖော်မှုတွေက ပိုပြီးဖြစ်ထွန်းပေါ်ပေါက်လာနေပါတယ်။

လက်ရှိအချိန်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ပိုပြီး ပျက်စီးစေတတ်တဲ့ ရွှေတူးဖော်မှုထက် မြေရှားသတ္တုတူးဖော်မှုတွေကို UWSA ထိန်းချုပ်ထားတဲ့‌‌ဒေသတွေမှာ ဥပ‌ဒေမဲ့တူးဖော်နေကြပြီး အရင်ကထက် ပိုပြီးမြင့်တက်လာနေတာကို သက်သေအထောက်အထားတွေက ဖော်ပြနေကြပါတယ်။

မြေရှားသတ္တုမှာ ဓာတုဖွဲ့စည်းပုံတူညီတဲ့ဒြပ်စင် ၁၇ မျိုးပါဝင်ပြီး လျှပ်စစ်ကား၊ လေအားတာဘိုင်ကစလို့ စမတ်ဖုန်းနဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေအထိထုတ်ယူနိုင်တဲ့ အရာရာတိုင်းအတွက်အ‌ရေးကြီးတဲ့အရာတွေ ပါဝင်နေပါတယ်။

ကမ္ဘာမှာ Clean Energy (သဘာ၀စွမ်းအားအရင်းအမြစ်ကတဆင့် လျှပ်စစ်ဓာတ်အားရယူ ခြင်း)နည်းပညာထွန်းကားလာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာမြေရှားသတ္တုလိုအပ်ချက်မြင့်တက်လာနေတဲ့အတွက် မြန်မာနိုင်ငံလို အစိုးရတစ်ရပ်၊ အုပ်ချုပ်မှုစနစ်တစ်ခု ပီပီပြင်ပြင်ဖြစ်ပေါ်မလာသေးတဲ့၊ အုပ်ချုပ်မှုညံ့ ဖျင်းတဲ့နိုင်ငံတွေရဲ့သတ္တုတူးဖော်မှုတွေကို အရှိန်အဟုန်နဲ့မြင့်တက်လာစေခဲ့ပါတယ်။

ဒရုန်းမှတ်တမ်းတွေနဲ့ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေအရ မြန်မာနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်တူးဖော်နေတဲ့ သတ္တုတူးဖော်‌ရေးနေရာသစ်တွေတိုးပွားလာနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ ကြီးကြပ်သူမရှိတဲ့ သဘာဝသယံဇာတတူးဖော်‌‌ရေးလုပ်ငန်းတွေ လျင်လျင်မြန်မြန်နဲ့ကြီးထွားလာနေတယ်ဆို တာကို ဒရုန်းမှတ်တမ်းတွေနဲ့ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေက ညွှန်ပြနေပါတယ်။

“ဒါက သဘာဝပတ်ဝန်းကျင်အပေါ်ကျူးလွန်နေတဲ့ ရာဇဝတ်မှုပဲ”လို့ International Rivers နဲ့ မြစ်‌ရေညစ် ညမ်းမှုတိုက်ဖျက်‌ရေးကိုဦးဆောင်နေသူ Pianporn Deetes က ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၅ ရက်မှာတော့ ချင်းရိုင်မှာ ပြည်သူ ၁,၅၀၀ ဝန်းကျင်စုရုံးပြီး မြန်မာနိုင်ငံကတရားမဝင်သတ္တု တူးဖော်မှုတွေပိတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေက ထိုင်းဝန်ကြီးချုပ်၊ တရုတ်သမ္မတအပြင် မြန်မာစစ်ခေါင်းဆောင်နဲ့ သတ္တုတူးဖော်မှုလုပ်ငန်းနောက်ကွယ်မှာပါဝင်ပတ်သက်နေ တဲ့ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေဆီ စာ‌ရေးသားပေးပို့သွားမယ်လို့ ဆိုပါတယ်။

မြစ်‌‌ရေညစ်ညမ်းမှုဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ကော့မြစ်ရဲ့တံတားမှာလည်း အပြာနဲ့ အစိမ်းရောင်ပါဝင်တဲ့ဖဲကြိုးတွေချည်နှောင်ထားခဲ့ကြပါတယ်။ အဲဒီလိုချည်နှောင်ရတဲ့ရည်ရွယ်ချက်က ထိုင်း နိုင်ငံကိုခြိမ်းခြောက်နေတဲ့ နယ်စပ်ဖြတ်ကျော်ညစ်ညမ်းမှုတွေအပေါ် ခံနိုင်ရည်ရှိဖို့နဲ့ မြစ်နဲ့ပြည်သူ စည်းလုံး ညီညွတ်မှုရှိကြောင်းပြသဖို့ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ဆန္ဒပြသူတွေဟာ ချင်းဆန်မြို့အနီးမှာရှိတဲ့ မဲခေါင်မြစ်ပေါ်နဲ့ ထာ့တန်မြို့အနီးမှာရှိတဲ့ ကော့မြစ်အထက်ပိုင်းမှာ သီးခြားဆီစုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါ သေးတယ်။

ဇွန်လ ၈ ရက်မှာတော့ ဘန်ကောက်မှာရှိတဲ့တရုတ်သံရုံးက Facebook ကတဆင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာတော့ “ထိုင်းနိုင်ငံ၊ မဲခေါင်မြစ်ရဲ့မြစ်လက်တက်တွေမှာ သတ္တု ညစ်ညမ်းမှုအကြီးစားဖြစ်ပေါ်နေတဲ့အပေါ် တရုတ်နိုင်ငံအနေနဲ့အလေးထားကြောင်းနဲ့ အပြုသဘောဆန်တဲ့ မိတ်ဆွေအဆင့်ဆွေးနွေးပွဲတွေကနေ အဖြေရှာဖို့”ဖော်ပြထားပါတယ်။

အခုနှစ်အစောပိုင်းတုန်းကလည်း ချင်းမိုင်ပြည်နယ်၊ ကော့မြစ်တလျှောက်နေထိုင်ကြတဲ့‌‌ ဒေသခံပြည်သူတွေ ဟာ မြစ်‌ရေကပုံမှန်အတိုင်းမဟုတ်တော့တာသတိပြုမိပြီးတဲ့နောက် ဆန္ဒပြပွဲအငယ်စားလေးတွေဖြစ်ပွားခဲ့ပါ သေးတယ်။

မယ့်အိုင်ခရိုင်မှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးအပါအဝင် လူအများအပြားဟာ မြစ်‌ရေနဲ့‌ရေချိုးပြီးတဲ့နောက် အ‌ရေပြားနီမြန်းမှုတွေဖြစ်ပွားခဲ့ကြတယ်လို့ ထိုင်းသတင်းဌာနတစ်ခု ဖြစ်တဲ့ Thai PBS ကိုပြောဆိုခဲ့ကြပါတယ်။

အဲဒီအ‌ရေပြားနီမြန်းမှုက ပုံမှန်ထက်အနည်းဆုံး ၁ လကျော်ကြာ မြင့်ခဲ့တယ်လို့လည်း အဆိုပါအသက် ၄၅ နှစ်အရွယ်အမျိုးသားကပြောပါတယ်။ အဲဒီအမျိုးသားအပြင် မြစ်‌ရေထဲဆင်းမိတဲ့ အသက် ၁၄ နှစ်အရွယ်ကလေးငယ်တစ်‌ယောက်မှာလည်း အလားတူလက္ခဏာမျိုးပြသခဲ့ပါတယ်။

ဒါကြောင့်လည်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေက သတိကြီးကြီးထားရတော့မယ့်အခြေအနေဖြစ် တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေနဲ့ ကျန်းမာ‌ရေးဆိုင်ရာကျွမ်းကျင်သူတွေက သတိပေး ထားပါတယ်။

တကယ်လို့သာ အာဆင်းနစ်ပါဝင်မှုများပြားတဲ့အဲဒီရေကို သန့်စင်မှုမရှိဘဲသောက်သုံးမယ်ဆို ရင် အန္တရာယ်ရှိတဲ့အပြင် ‌ရေနေသတ္တဝါတွေကိုလည်းထိခိုက်စေနိုင်ပြီး ငါးဖမ်းလုပ်ငန်းနဲ့ ‌အခြားသော‌ရေ လုပ်ငန်းတွေလည်း အန္တရာယ်မကင်းနိုင်တော့ပါဘူး။

မကြာသေးခင်တုန်းကတော့ ချင်းရိုင်မှာ လူထုတွေ့ဆုံပွဲတစ်ခုကျင်းပခဲ့ပြီး အသက် ၆၀ ရှိပြီဖြစ်တဲ့ ဗုဒ္ဓဘာ သာဘုန်းတော်ကြီးတစ်ပါးဖြစ်သူ Phra Mahanikom လည်းပါဝင်ခဲ့ပါတယ်။ ဆရာတော်က “လူတွေအနေနဲ့ မြစ်‌ရေကိုသောက်သုံးဖို့၊ ဥယျာဉ်ခြံမြေနဲ့စိုက်ပျိုးရေးအတွက်အသုံးပြုဖို့ မသင့်တော်တော့ဘူးဆိုတာ လက်ရှိ ဖြစ်ပေါ်နေတဲ့အကျိုးသက်‌ရောက်မှုတွေက ရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်”လို့ မိန့်ပါတယ်။

ဆရာတော်လိုရပ်မိရပ်ဖတွေရဲ့နိုးဆော်တိုက်တွန်းမှုတွေကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ ‌ဒေသဆိုင်ရာအာဏာပိုင်တွေက မြစ်‌ရေစမ်းသပ်မှုတွေစတင်ခဲ့ကြပါတယ်။ ကနဦးစမ်းသပ်စစ်ဆေးမှုတွေရဲ့ရလဒ်တွေအရ မြစ်‌ရေဟာ အများလက်ခံထားတဲ့ကန့်သတ်ချက်တွေထက် ၁၀ ဆပိုပြီးပြင်းထန်ကြောင်းတွေ့ရှိခဲ့ရတဲ့အပြင် အန္တရာယ်ရှိတဲ့ ခဲနဲ့အာဆင်းနစ်ပါဝင်မှုကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Ecological Alert and Recovery– Thailand (EARTH) ရဲ့အမှု ဆောင်ဒါရိုက်တာ ပန်ချွမ် ဆေးတန် – Penchom Saetang ကလည်း စမ်းသပ်စစ်ဆေးမှုရဲ့ရလဒ်တွေကို လူသိ ရှင်ကြားထုတ်ပြန်ပေးခဲ့တဲ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လေထုညစ်ညမ်းမှုထိန်းချုပ်‌ရေးဌာနရဲ့အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သူမက –

“သူတို့ရဲ့ပွင့်လင်းမြင်သာမှုက လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေအပေါ် ပြည်သူတွေနဲ့ မီဒီယာတွေကပါနား လည်လာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အခုလိုပွင့်လင်းမြင်သာမှုရှိတာကြောင့်လည်း လူထုထောက်ခံမှုရရှိ ခဲ့သလို လုပ်စရာရှိတာတွေကိုလည်း မြန်မြန်ဆန်ဆန်ဆက်လုပ်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်”လို့ ပြော ပါတယ်။

နိုင်ငံတော်အဆင့်မှာလည်း ထိုင်းအာဏာပိုင်တွေက စီမံကိန်းအပေါ် ယုံကြည်မှုရှိရှိဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။ မြစ်‌ရေညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအပေါ် လူထုဖိအားမြင့်တက်လာနေတာကြောင့် ထိုင်း – မြန်မာတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ဩဂုတ်လက နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ကော့နဲ့ စိုင်မြစ်‌ရေညစ်ညမ်းမှုကိုဖြေရှင်းဖို့ ပူးတွဲကော်မတီတစ်ရပ်ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။ ထိုင်း အစိုးရကတော့ ငါးတွေမှာတွေ့ရတဲ့အနီ‌ရောင်အစက်အပြောက်တွေဟာ အာဆင်းနစ်ကြောင့်မဟုတ်ဘဲ ပိုးကောင်တွေနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ‌ပေမယ့်လည်း ထိုင်းအစိုးရဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌‌ရေးအဖွဲ့တွေရဲ့စွပ်စွဲမှုတွေကို ပြန်ပြီးချေ ဖျက်နိုင်စွမ်းမရှိသေးပါဘူး။ “အစိုးရက ဒါကိုထိန်းချုပ်နိုင်တယ်ဆိုတဲ့အပေါ် ကျွန်မအနေနဲ့ လုံးဝမယုံ ကြည်ပါဘူး”လို့ Deetes ကပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေရှားသတ္တုတူးဖော်မှုတွေက နိုင်ငံမြောက်ဘက်၊ ကချင်ပြည်နယ်မှာ နှစ်ရှည်လများတည်ရှိ နေရာကနေ လက်ရှိအချိန်မှာတော့ နိုင်ငံတောင်ဘက်ပိုင်း‌ဒေသတွေဆီပျံ့နှံ့လာနေပြီး သစ်တောပြုန်းတီးမှုနဲ့ ‌ရေထုညစ်ညမ်းမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အညစ်အကြေးတွေသာ မဲခေါင်မြစ်ထဲစီးဝင်သွားခဲ့မယ်ဆိုရင် နောက်ဆက်ဆွဲဆိုးကျိုးတွေကို ‌ဒေသတွင်းနိုင် ငံတွေက ပြင်းပြင်းထန်ထန်ခံစားကြရပါလိမ့်မယ်။ မဲခေါင်မြစ်ဟာ အရှေ့တောင်အာရှတဝန်းမှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့အသက်မွေး ဝမ်းကျောင်းအတွက် အခရာလည်းဖြစ်ပါတယ်။ လာအိုနိုင်ငံအခြေစိုက် မဲခေါင်မြစ်ကော်မရှင်ကလည်း မြစ်‌ရေညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေက လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေကို နယ်စပ်ဖြတ်ကျော်သက်‌ရောက်မှုတွေဖြစ်လာနိုင်ချေရှိတယ် လို့ သတိပေးထားပါတယ်။

တချို့အတွက်ကတော့ အကျပ်အတည်းက နာမ်ပိုင်းဆိုင်ရာကိစ္စဖြစ်ပါတယ်။ “ဗုဒ္ဓရဲ့သင်ကြားချက်ထဲမှာ လည်း သဘာဝပတ်ဝန်းကျင်ကမြင့်မြတ်တယ်လို့ သင်ကြားပေးထားတယ်”လို့ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ ဆရာတော် Phra Mahanikom ကမိန့်ပါတယ်။

“သဘာဝတရားက ဘုန်းကြီးတို့ရဲ့ဖန်တီးရှင်ပါ။ သစ်တောတွေ၊ ‌ရေနဲ့မြေဆိုတာက အကုန်လုံးဆက်စပ်ပတ် သက်နေတာပါ။ တကယ်လို့သာ မိခင်ဖြစ်တဲ့သဘာဝတရားကြီးသာ ဖျက်ဆီးခံလိုက်ရမယ်ဆိုရင် ဘုန်းကြီး တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေထိုင်နိုင်မှာမဟုတ်တော့ပါဘူး”

မဲခေါင်မြစ် ကာကွယ်စောင့်ရှောက်‌ရေးလှုပ်ရှားမှုမှာပါဝင်ဆောင်ရွက်နေတဲ့ ဂိုးလ်မန်းသဘာဝပတ်ဝန်းကျင် ဆိုင်ရာဆုရှင်ဖြစ်တဲ့ Niwat Roykaew က ရှေ့ဆက်လျှောက်ရမယ့်လမ်းမှာတော့ မြစ်ချောင်းတွေအပေါ် ဘယ်လိုတန်ဖိုးထားကြမလဲ ဆိုတဲ့နည်းလမ်းပြောင်းပြီး စတင်ရပါမယ်လို့ပြောပါတယ်။

“အစိုးရနဲ့ပြည်သူက မဲခေါင်မြစ်ဆီကရမယ့် သယံဇာတအကျိုးအမြတ်ကိုသာမြင်နေ‌သရွေ့ကတော့ မဲခေါင်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေက ပြီးဆုံးတော့မှာမဟုတ်ပါဘူး။ ကျွန် တော်တို့အနေနဲ့ကတော့ မဲခေါင်ရဲ့သဘာဝကို တန်ဖိုးထားဖို့လိုပါတယ်။ ဒါကသာ ရှေ့ဆက်ရမယ့် တစ်ခု တည်းသောနည်းလမ်းပါပဲ”လို့လည်း Niwat Roykaew ကပြောပါတယ်။

သူကပဲ “ဒါပေမယ့် ကျွန်တော်တို့မှာ မျှော်လင့်ချက်ရှိပါသေးတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ သဘာ ဝပတ်ဝန်းကျင်နဲ့အတူရပ်တည်ပြီး တိုက်ပွဲဝင်သွားရပါလိမ့်မယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ – Google
ပုံစာ – နမ့်ခုတ်မြစ်အနောက်ဘက် မြေရှားသတ္တုတူးဖော်သည့်နေရာ။

“Mongabay” မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် “Stefan Lovgren” ‌ရေးသားတဲ့ ” Rare earth rush in Myanmar blamed for toxic river spillover into Thailand” ကို အကျဉ်းချုံ့ပြီးဆီလျော်အောင်‌ရေးသားသည်။

#ဘုန်းမောင်
#မျက်မှောက်ခေတ်
#ဆောင်းပါး

error: Content is protected !!