ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)
ပညာရေးမှာ ဆရာ၊ဆရာမတွေကိစ္စအကြောင်း ဆွေးနွေးရတာ သိမ်မွေ့သောကိစ္စတစ်ရပ်ဖြစ်သည်။ ပြောချင်သည့်စကားကို ထိန်းထိန်းသိမ်းသိမ်း သိမ်သိမ်မွေ့မွေ့ ပြောရလေ့ရှိသည်။ လက်ရှိအချိန်မှာတော့ ပြောစရာရှိတာကို ပွင့်ပွင့်လင်းလင်း ပြောရမည့်အချိန်ဖြစ်သည်။ ပြင်လိုစိတ်ရှိသူတွေက နောက်မကျမီ ပြင်ဆင်နိုင်ကြဖို့ဖြစ်သည်။
ဤဆောင်းပါးသည် ဆရာ၊ဆရာမ ဘဝကို မြတ်နိုးဂုဏ်ယူစွာ အနစ်နာခံလုပ်ကိုင်နေသော ဆရာ၊ဆရာမ များနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ဆရာ၊ဆရာမ လုပ်ဖို့ ဆုံးဖြတ်ရမည့်သူများနှင့်သာ သက်ဆိုင်ကြောင်းကိုလည်း ပမာဏစကားခံလိုပါသည်။
ခေတ်ကာလအနေအထားအရ ဆရာ၊ဆရာမအင်အား ရှားပါးသောကြောင့် အချို့နေရာတွေမှာ ဆရာ၊ဆရာမလုပ်ကြဖို့ မနည်းတောင်းပန်လုပ်ခိုင်းနေရသည်။ တစ်ဖက်ကကြည့်လျှင် ဆရာ၊ဆရာမတစ်ယောက်လုပ်ဖို့ သိပ်လွယ်နေသော အချိန်အခါဖြစ်သည်။
ဆရာ၊ဆရာမ လုပ်ဖို့သိပ်လွယ်ကူလာသည့်နောက်ကွယ်မှာ “ငါမသင်လည်း သင်မယ့်လူမရှိပါဘူး” ၊ “ငါဒီအလုပ်ကထွက်ချင်နေတာ နားချင်နေတာ” ဆိုတာမျိုးတွေရှိလာသည်။
ဆရာ၊ဆရာမကို လူ့အဖွဲ့အစည်းကလည်း လုံလောက်အောင် ထောက်ပံ့နိုင်ခြင်းမရှိတာက အဓိကပြသနာဖြစ်နေသည်။
တချို့ရပ်ရွာတွေမှာ တကယ်ကို ထောက်ပံ့ဖို့မတတ်နိုင်တာဖြစ်ပြီး တချို့ရပ်ရွာတွေကတော့ တတ်နိုင်ပါလျက် ထိုက်တန်အောင်ထောက်ပံ့လိုခြင်းမရှိတာတွေ့ရသည်။
ယခုဆောင်းပါးတွင် ရပ်ရွာ၏ ထောက်ပံ့မှုနဲ့ပတ်သက်ပြီး မဆွေးနွေးပဲ ဆရာ၊ဆရာမတွေနဲ့ပတ်သက်သည့် ကိစ္စကိုသာ ဆွေးနွေးမည်ဖြစ်သည်။
နေရာဒေသတစ်ခုတွင် ဆရာ၊ဆရာမလုပ်မည့်သူအများစုသည် ကိုယ်လုပ်မည့်နေရာ၏ လစာ၊ ရပ်ရွာဝိုင်းဝန်းမှုအားတွေကို အတော်အတန်သိရှိပြီး ဖြစ်မည်ထင်သည်။ ထို့ကြောင့်ဆရာ၊ဆရာမအဖြစ်လုပ်ကိုင်တော့မည်ဆိုလျင် ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချဖို့လိုသည်။
မည့်သည့်အကြောင်းပြချက်ဖြင့်ပဲ ဆုံးဖြတ်ချက်ချခဲ့သည်ဖြစ်စေ ဆရာ၊ဆရာမ တစ်ယောက်လုပ်ပြီဆိုလျင် သူ့အတိုင်းအတာနဲ့သူ ကြိုးစားသူဖြစ်ဖို့လိုသည်။ ကလေးတွေကို ကြိုးကြိုးစားစား စာသင်ပေးသည့် ဆရာ၊ ဆရာမတော့ အနည်းဆုံးဖြစ်အောင်ကြိုးစားရမည်ဖြစ်သည်။
မကောင်းတတ်လို့ လက်ခံတာဆိုပြီး ကလေးတွေအပေါ် တာဝန်မကျေလျင် ပိုမကောင်းတာကို လုပ်မိနေပြီဆိုတာ သတိထားမိဖို့လိုသည်။
ဆရာ၊ဆရာမ တစ်ယောက်သည် ကိုယ့်ဆရာ၊ဆရာမဘဝကို ဂုဏ်ယူမြတ်နိုးသူ၊ ကလေးတွေအပေါ် စေတနာလက်တွေ့ထားနိုင်သူ၊ တာဝန်ကျေပွန်သူ ဖြစ်ဖို့လိုသည်။ ဝါသနာလည်းမပါ မလွဲသာမရှောင်သာလုပ်ရပါသည်ဆိုလျင်ပင် တာဝန်ကျေပွန်မှုတော့ ရှိရမည်ဖြစ်သည်။
ထို့ကြောင့် ဝါသနာမပါပဲ မလွဲသာမရှောင်သာ ဆရာ၊ဆရာမလုပ်နေရသူတွေအနေနဲ့ တစ်နှစ်၊ နှစ်နှစ် လုပ်ကိုင်ပေးမည် စသဖြင့် အချိန်အကန့်အသတ်ဖြင့် ရပ်ရွာကို ကတိထားပြီး လုပ်ကိုင်ပေးလျင် အဆင်ပြေနိုင်သည်။
နှစ်နှစ်လောက်လုပ်ကိုင်ပြီးချိန်၊ ဆရာ၊ဆရာမဘဝကို အနည်းငယ်မှ မြတ်နိုးခြင်းမရှိလျင် ကိုယ်ကြိုတင်ကတိကဝတ်ပေးထားသည့်ကာလ လည်းပြည့်ပြီမို့ နုတ်ထွက်လိုက်ရုံသာရှိသည်။
စာရေးသူ၏အကြံပေးချက်မှာ ဘော်လန်တီယာ ဆရာ၊ဆရာမတွေရော၊ CDM ဆရာ၊ဆရာမတွေအတွက်ပါ အကြုံးဝင်ပါသည်။ စစ်အာဏာမသိမ်းမီ ခံစားခွင့်အပြည့်ရခဲ့စဥ်ကပင် ရေသာခိုလိုက်နေခဲ့သော ဆရာ၊ဆရာအနည်းငယ်မှာ လက်ရှိခံစားခွင့်ဘာမျှသိပ်မရှိသော ပညာရေးလုပ်ငန်းမှာ လုပ်ကိုင်နေလျင်ဘယ်လိုလုပ်ကိုင်ကြမည်ကို မှန်းဆနိုင်ကြလိမ့်မည်ဟု ထင်သည်။
ထို့ကြောင့် ကြားကာလပညာရေးမှာ ဆရာ၊ဆရာမ လုပ်ကြမည်ဆိုလျင် အခြေအနေတွေကို သိရှိပြီး ပြတ်သားစွာဆုံးဖြတ်ကြပါ။ ဆရာ၊ဆရာမအဖြစ် လုပ်ကိုင်မည်ဟု ဆုံးဖြတ်ပြီးပါက ကလေးတွေအပေါ် စေတနာမဲ့သော၊ တာဝန်မကျေပွန်သော ဆရာ၊ဆရာမ ဖြစ်ရမှာ ရှက်ကြပါ။ ဆရာ၊ဆရာမ အစစ်တွေဖြစ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ…။
#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး