ဘာထင်နေသလဲဝေလင်းလက်(မျက်မှောက်ခေတ် ကဗျာခံစားခြင်း)နေလုံးရယ်နီတိမ်ပန်းချီနေသွေးနဲ့၊ နတ်ရေးသည်သို့။ဒီအကျပေမို့အလှ လတာပြင်က၊ ကျူရိုးရှင် လှေကလေးနဲ့မျှော်ငေးလိုလို့။သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။ဘယ်ပြောင်း ညာပြန်နဲ့ဟိုငါးဖျံ လတာစွန်းမှာ၊ သူ့ကျွမ်းဟန် ချည့်။ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာတွေထဲက “ပန်းခဲ့သည်ပဲ” ကဗျာဖြစ်ပါသည်။ လူ့သဘာဝကို ကောင်းကောင်းထင်ဟပ်ဖော်ပြနေသော ကဗျာဖြစ်သည်။ ထိုကဗျာအကြောင်းကို ဆရာ ဇော်ဂျီကိုယ်တိုင်လည်း ရေးခဲ့ဖူးပြီး ဆရာ့ရေးသားချက်ကို တက္ကသိုလ်မှာ သင်ခဲ့ရတာမှတ်မိနေသည်။လတာပြင်ရေစပ်မှာ ငါးဖျံသည် ခုန်ပျံ ကျွမ်းထိုးနေပါသည်။ သူသည် ဘေးပတ်ဝန်းကျင်ကိုလည်း စိတ်မဝင်စား၊ သတိမထားဘဲ သူ့ကျွမ်းဟန်တွေကိုပဲ ပြနေသည်။လက်နက်လေးတကိုင်ကိုင်နဲ့ ကျွမ်းဟန်ပြနေသောသူတွေလည်းရှိသည်။ ဝေါ်ကီ၊တော်ကီလေးတကိုင်ကိုင်နဲ့ ကျွမ်းဟန်ပြနေသူတွေလည်းရှိသည်။ ကိုယ်တတ်သည့်ပညာလေး တဝင့်ဝင့် မာနအလံလေးလွှင့်ကာ ကျွမ်းဟန်ပြနေသူတွေလည်းရှိသည်။ ဥစ္စာလေးတပြပြနဲ့ ကျွမ်းဟန်ပြနေသူတွေလည်းရှိသည်။လူအများစုသည် မိမိကိုယ်ကိုယ်ဗဟိုပြုပြီး စဥ်းစားတတ်ကြသည်။ လုပ်ငန်းတစ်ခုအကြောင်းကိုဆွေးနွေးလျင် လုပ်ငန်းတိုးတက်ရေးထက် မိမိဂုဏ်ပုဒ်ကို အတွေ့အကြုံပြောပြဟန်ဖြင့် ထုတ်ဖော်တတ်ကြသည်ကိုတွေ့ရသည်။“သူ့ကိုယ်သူလျှင်၊ ဘာထင်လေမသိ။ဘုတ်မ ခုနှစ်သံနဲ့။တညံညံ လတာစွန်းမှာ၊ သူ့လွမ်းသံချည့်”လူဆိုတာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံးနဲ့ နေတတ်ကြမြဲဖြစ်သည်။ သို့သော် လွန်ကဲလာလျှင်မကောင်း။ မိမိ၏ အရည်အချင်းကိုနေရာတိုင်းမှာလည်း ဖော်ပြနေစရာမလိုသလို မိမိ၏ဒုက္ခကိုလည်း နေရာတိုင်းမှာ မငြီးငြူသင့်ပေ။“အိုအချင်း ကျူရိုးရှင်သူ့မူရာ သူ့အတင်း၊ မင်းဆိုခဲ့စဉ်။မင့်ကိုလဲ မင်းပင်လျှင်၊ ဘာထင်လို့လေလဲ။မဗေဒါ စုန်ဆန်လမ်းမှာ၊ ပန်းခဲ့သည်ပဲ”ဆရာဇော်ဂျီကတော့ သူများအကြောင်းတွေကို မကောင်းမြင်နေသော မိမိကိုယ်ကိုယ် “မင်းကိုလဲ၊ မင်းပင်လျင်၊ ဘာထင်လို့လေလဲ” ဟုပင် ကိုယ့်ကိုယ်ကိုယ်ဆုံးမခဲ့သည်ကို လေးစားဖွယ်ရာတွေ့ရပါသည်။ကျနော်တို့သည်လည်း သူတပါးကိုဝေဖန်မည်ဆိုပါက ကိုယ့်ကိုယ်ဘာထင်နေသလဲ ဟု အရင်မေးသင့်ပါသည်။ မိမိအပြောအဆို၊ အနေအထိုင်အပြုအမှုတွေကရော မိမိကိုယ်ကိုယ် ဘာထင်နေသလဲဟု သုံးသပ်ဖို့လိုပါသည်။လူမှုအဖွဲ့အစည်းတိုးတက်ဖို့ လုပ်ဆောင်နေကြသော သူတွေအဖို့ မိမိကိုယ်ကိုယ် ဘာထင်သလဲ ဆိုတာကို သေသေချာ သိဖို့ ပိုလိုအပ်ပါသည်။ #ဝေလင်းလက်#မျက်မှောက်ခေတ် Post Views: 123 Share