Home > Uncategorized > အမှန်တရားနဲ့ ရိုးသားမှု

အမှန်တရားနဲ့ ရိုးသားမှု

အမှန်တရားနဲ့ ရိုးသားမှု

ATT

(မျက်မှောက်ခေတ် အိမ်လွမ်းစာ)

ဒီအကြောင်းအရာလေးကိုပြောဖို့က ကလေးတစ်ယောက်က စရမှာပေါ့။ ကလေးတစ်ယောက် စပြီးသိတတ်မှတ်တတ် သင်ယူတတ်ပြီဆို ဘယ်သူ့ဆီကအရင် သင်ယူမလဲ။အများကြီးတွေးစရာမလိုပါဘူး။မိခင်ဖခင်ဆီကပဲ သင်ယူရပါလိမ့်မယ်။

ချစ်စရာကောင်းတဲ့ နှုတ်ခမ်းလေးက ပါးပါးမားမားစသည်ဖြင့်ပေါ့လေ။အရွယ်လေးရလာတာနဲ့ သူတို့ရဲ့ဦနှောက်မှတ်ဉာဏ်က ပတ်၀န်းကျင်မှာ ကြားရမြင်ရတာလေးတွေကို သင်ပေးစရာမလိုဘဲ အလိုလိုမှတ်သားလာနိုင်ကြတယ်လို့ ကြားဖူးခဲ့ပါတယ်။

တကယ်ကိုယ့်ပတ်၀န်းကျင်မှာလည်း မြင်တွေ့နေရတော့ ငြင်းစရာမရှိပါဘူး။ အားလုံးလည်း လက်ခံနိုင်မယ်လို့ထင်ပါတယ်။

ပြောချင်တာက မိဘတို့ရဲ့ အရေးပါမှုကိုပါ။လူတစ်ယောက်ရဲ့ရိုးသားမှု၊သတ္တိရှိမှု ကောင်းခြင်းဆိုးခြင်း တွေက မိဘပတ်၀န်းကျင်က အစပြုပြီး အကျင့်တစ်ခုအဖြစ် ကပ်ပါလာကြတာပါ။ အရွယ်တစ်ခုရောက်လို့ ဘဝလမ်းကိုလျှောက်ကြရတဲ့အခါ ငယ်စဉ်ကပါလာတဲ့ အလေ့အကျင့် အဆိုးအကောင်းဟာရှင်သန်ရတဲ့ဘဝမှာ အံမဝင်တဲ့အခါ ပြောင်းလဲဖို့အင်မတန်မှ ခက်ခဲရပါတယ်။

ဘာကြောင့်လည်းဆို ခေါက်ရိုးကျိုး အသားကျနေပြီးဖြစ်လို့ပါပဲ။ ကျွန်တော်ဟာ ရိုးသားဖြူစင်တဲ့ မိဘက မွေးဖွားပြီး ရှင်သန်ခွင့်ရတဲ့ လူတစ်ယောက်ပါ။ အမေဟာ အရမ်းလေးစရာကောင်းသလို သံယောဇဉ်မေတ္တာကြီးမားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

အေးဆေးနေတက်ပြီး ဆဲဆိုရန်ပြုခြင်းကိုလည်း ငယ်စဉ်ကတည်းက အားမပေးခဲ့ပါဘူး။ မိခင်ပီသစွာ ကျွေးမွေး စောင့်ရှောက်ခဲ့သလို ဖခင်တစ်ယောက်လိုပါ ဆန်ထုပ်ကို ခေါင်းပေါ်ရွက် လယ်ကွင်း ချောင်း အနှံ့ ငါးပုစွန် ကိုယ်တိုင်ရှာ၊ မမောမပမ်း ချွေးတရွှဲရွှဲချက်ပြုပ်ခူးခပ်ကာ သားသမီး‌တွေစားတာ ကြည့်ပြီး ကျေနပ်ပျော်ရွှင်စွာ နေတတ်သူမျိုးပါ။

မိခင်မေတ္တာ ရေးဖွဲ့ရင်တော့ မကုန်နိုင်ပါဘူး။ အခုဆိုအမေ့သား လောကဇာတ်ခုံထဲ ရိုးသားခြင်း၊ကြင်နာခြင်း၊ဖေးကူခြင်းတွေနဲ့ လျှောက်လာလိုက်တာ လမ်းတစ်၀တ်တောင် ရောက်လာခဲ့ပါပြီ။ တကယ်တမ်းကြတော့ လူတော်တော်များများဟာ အမှန်တရားနဲ့ ရိုးသားမှုကို ပါးစပ်ကသာ ကြိုက်တယ်ပြောကြတာအမှန်တရားဘက်မှာလည်း မရှိကြပါဘူး။

ရိုးရိုးသားသား လုပ်ကိုင်စားတော့လည်း ဒီကောင်အရမ်းရိုးလွန်းတာပဲတဲ့။ အားနာတတ်တော့လည်း အ,လိုက်တာတဲ့။ အကြင်နာတရားနဲ့ သစ္စာတရားကလည်း လက်တွေ့ဘဝမှာ ငွေကြေးလောက် အသုံးဝင်မနေပြန်ဘူး။

ခုဆိုပတ်၀န်းကျင်က လူရိုးလူကောင်းလေးလို့ ပြောလာမှာကိုတောင် မကြားမလိုချင်တော့ဘူးအမေ။ မလိမ္မာခြင်း၊လူပေါ်လူကျော် လူမိုက်ကိုတောင် ပြန်အားကျနေမိပြီ။သို့ပေမယ့် အမေပေးခဲ့တဲ့ ရိုးသားဖြောင့်မတ်မှုတွေ အသားကျနေပါပြီ။အဆင်မပြေခြင်းတွေနဲ့ပေါ့။

အနာဂတ်မှာ လူကြီးဖြစ်လာမယ့် ကလေးငယ်တွေနဲ့အမေ့လိုဖြစ်လာမယ့် မိခင်ငယ်လေးတွေကိုတော့ ဒီလူ့ပတ်၀န်းကျင်နဲ့ အံ၀င်ဂွင်ကျစေဖို့ ဘယ်လိုအကျင့်စံနှုန်းတွေကို မျှဝေခဲ့ရမလဲတောင် ဝေဝါးနေခဲ့ပါပြီ။

အမှန်တရားနဲ့ရိုးသားမှုကတော့ ဟိုး..ချောင်လေးထဲ မှိုတက်လို့ပေါ့။

#ATT

error: Content is protected !!