Home > Uncategorized > ချင်းတောင်ပေါ်က တူမီးသံ

ချင်းတောင်ပေါ်က တူမီးသံ

ချင်းတောင်ပေါ်က တူမီးသံ

ဝေလင်းလက်
(မျက်မှောက်ခေတ် ရသစာတမ်း)

ချင်းတောင်ပေါ်က ရွာလေးတစ်ရွာမှာ တူမီးသေနတ်သံတွေ ဆူညံသွားသည်။ နွေဦးတော်လှန်ရေးကာလအစ၊ ငြိမ်းချမ်းစွာသပိတ်မှောက်နေသော ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီစစ်သားတွေက ပစ်သတ်ခဲ့ကြသည်။

ထိုလူငယ်၏ အသုဘ အခမ်းအနားတွင် ချင်းအမျိုးသားတွေက တူမီးသေနတ်တွေ ပြိုင်တူဖောက်ပြီး ဂုဏ်ပြုခဲ့ကြသည်။ ထိုတူမီးသေနတ်သံသည် တကမ္ဘာလုံးက ချင်းလူမျိုးတို့နားကို ရောက်သွားခဲ့သည်။ ထိုတူမီးသေနတ်သံသည် ချင်းတောင်မှာ စစ်အာဏာရှင် အမြစ်ဖြတ်ရေးကို စတင်လိုက်သည့် အသံဟု ဆိုနိုင်သည်။

ချင်းလူမျိုးတွေရဲ့ ရိုးသားမှုက ပြောစမှတ်ပြုကြရသည်။ ချင်းတောင်ကို ခရီးသွားရင်း ဖိနပ်တစ်ဖက်ကျနေခဲ့လျှင်ပင် ဖိနပ်ပိုင်ရှင်ပြန်လာလျှင်တွေ့ အောင် ဖိနပ်ကို တုတ်ချောင်းမှာချိတ်ပြီး လမ်းဘေးမှာ ထောင်ပေးထားတတ်ကြသည်အထိ ဖြစ်သည်။ ထိုမျှရိုးသားသော ချင်းလူမျိုးတွေဆီကို စစ်တပ်က ကားတန်းတွေ လာခဲ့ကြလေပြီ။

ချင်းလူမျိုးတွေရဲ့ တူမီးသည် စစ်ကိုင်းတိုင်း၊ကလေး- ကဘော်ဒေသ၊ မကွေးတိုင်း ယောဒသနေရာအချို့မှာပါ တော်လှန်ရေးကာလဦးတွင် အစွမ်းပြခဲ့ကြသည်။ တူမီးသေနတ်သည် ချင်းလူမျိုးတို့ အမဲလိုက်ရာမှာသုံးသည့် သေနတ်ဖြစ်သည်။

တူမီးသေနတ်ရဲ့ အားနည်းချက်အရ တစ်ခါပစ်ပြီး တစ်ခါယမ်းထည့်၊ ခဲလုံးတွေထည့်ရသည်။ အားသာချက်က တူမီးသေနတ်ပြောင်းဝက ထွက်သောကျည်တစ်ခုတည်းမဟုတ်။

ခဲလုံးတွေဖွာထွက်သွားသည်မို့ ပစ်မှတ်ကိုထိဖို့က သေချာသလောက်ဖြစ်သည်။ လျင်လှပါသည်ဆိုသော တောကောင်တွေကိုပင် မှန်အောင်ပစ်နေကြသော ချင်းအမျိုးသားတို့မှာ တောကောင်လောက်မလျင်သော စစ်အာဏာရှင်လက်ပါးစေတွေကို မှန်အောင်ပစ်ဖို့ မခက်ခဲ။ အားအသာဆုံးအချက်မှာ ချင်းလူမျိုးတို့၏ စိတ်ဓာတ်နှင့် နယ်မြေကျွမ်းကျင်မှုဖြစ်သည်။

ချင်းတောင်ပေါ်က တူမီးသံသည် ချင်းတောင်ပေါ်ကို တက်လာသော စစ်ကောင်စီကားတန်းတွေကို တစ်စီးမကျန် ဖျက်ဆီးပစ်ခဲ့သည်။ တူမီးသံသည် တီးတိန်မြို့နယ်၊ သိုင်းငင်းတောင်က စစ်ကောင်စီစစ်သားတွေကို တောင်ပေါ်ကနေ မောင်းချပစ်ခဲ့သည်။

ဖလမ်းဘားတံတားက စစ်ကောင်စီအဖွဲ့ဝင်တွေကို နှင်ထုတ်ပစ်ခဲ့သည်။ ယခုဆိုလျင် တူမီးသံသည် ချင်းပြည်နယ်က မြို့တချို့ကိုပင် စစ်ကောင်စီလက်ထဲမှ မှုလပိုင်ရှင် ချင်းလူမျိုးတို့ထံ ပြန်ပေးအပ်ခဲ့ပြီဖြစ်သည်။

တူမီးသံဖြင့်စခဲ့သော ချင်းပြည်နယ်က စစ်အာဏာရှင်တော်လှန်ရေးသည် လက်ရှိအချိန်မှာ အတော်ခရီးရောက်ခဲ့ပြီဖြစ်သည်။ ချင်းပြည်နယ်ရှိ မြို့ပေါ်တွေကလွဲရင် ကျန်နယ်မြေအားလုံးနီးပါးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးထားကြသည်။ စစ်ကောင်စီတပ်တွေ သူတို့တပ်တွင်းမှာသာ နေနေကြရသည့် အခြေအနေမျိုးဖြစ်သည်။

ထိုအခြေအနေမျိုးရောက်အောင် ချင်းလူငယ်တွေရဲ့ အသက်သွေးချွေးတွေ ရင်းနှီးခဲ့ရသည်။ ချင်းပြည်သူတို့၏ ဥစ္စာတွေ၊ အသက်တွေ ပေးဆပ်ခဲ့ကြရသည်။

ချင်းပြည်နယ်နှင့်ဆက်စပ်နေသည့် မကွေးတိုင်း ယောဒေသ၊ စစ်ကိုင်းတိုင်း ကလေး- ကဘော်ဒေသက လူငယ်တွေလည်း ချင်းတောင်စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ချင်းလူမျိုးတွေက သစ္စာတရားကို မြတ်နိုးတန်ဖိုးထားကြသည်။ ထို့ကြောင့် သစ္စာတရားကြီးမားသည့် အောက်ချင်းငှက်ကို လူမျိုး၏ သင်္ကေတအဖြစ် သတ်မှတ်ထားကြသည်။

ချင်းလူမျိုးတွေရဲ့ကြိုးစားမှုကြောင့် လက်ရှိအချိန်တွင် ချင်းပြည်နယ်သည် နီးစပ်ရာ ဒေသတွေရဲ့ တော်လှန်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စတွေအတွက် ထိုက်သင့်သလောက် အားထားနေရပြီဖြစ်သည်။

ချင်းပြည်နယ်ကို စစ်အာဏာရှင်လက်‌အောက်ကနေ ပထမဦးဆုံး လွတ်မြောက်မည့် ပြည်နယ်အဖြစ် မျှော်လင့်ခဲ့ကြသလို၊ မျှော်လင့်နေကြဆဲလည်း ဖြစ်သည်။

တူမီးသံဖြင့်စခဲ့သော ချင်းတောင်က စစ်အာဏာရှင်တော်လှန်ရေးကို တကမ္ဘာလုံးက ချင်းလူမျိုးတွေနဲ့ မြန်မာပြည်သူတွေအားလုံး ညီညွတ်စွာ ထောက်ခံအားပေးလျက်ရှိပါသည်။

တကယ်တော့ ချင်းတောင်ပေါ်က တူမီးသေနတ်သံသည် စစ်အာဏာရှင်ကို တော်လှန်သည့် အချက်ပေးသံမျှသာမဟုတ်။ ချင်းပြည်သူတွေအားလုံး သွေးစည်းသည့်အသံလည်း ဖြစ်သည်။

သဘောထားကွဲလွဲမှုတွေ၊ အခက်အခဲတွေ ကြုံလေတိုင်း သပိတ်မှာကျဆုံးခဲ့သော ချင်းလူငယ်လေး၏ အသုဘမှာ တပြိုင်တည်း ပစ်ဖောက်ခဲ့ကြသည့် တူမီးသံတွေကို ပြန်လည်ကြားယောင်ကြနိုင်ဖို့တော့ အရေးကြီးပါသည်။

#ဝေလင်းလက်
Credit photo.

error: Content is protected !!