ဖတ်ရှုခံစားခြင်း
သူတို့ညီညွတ်ကြတယ်
လွှားအောင်(စစ်ကိုင်း)
ကြွက်လောကကြီးက ညီညွတ်တယ်။ သူတို့ကိုနေ့တိုင်း ဖမ်းယူစားသောက်နေတဲ့ ကြောင်ကြီးကို နှိမ်နင်းဖို့ တိုင်ပင်ကြတယ်။
အကြံတစ်ခု ထွက်လာတယ်။ ကြောင်ကို ခြူဆွဲပေးရင်တော့ ကြောင်ကြီးလာရင် သူတို့သတိထားမိမယ်။ကြောင်ကြီးကို နိုင်မယ်ပေါ့။ ခက်တာက ကြောင်ကို ဘယ်သူ ခြူဆွဲမလဲ။ စာအုပ်က သည်ပုံပြင်လေးနဲ့ စထားတယ်။
တကယ့် တကယ်ဇာတ်ကြောင်းက ထောင်အကြောင်း။ ထောင်အတွင်းမှာ အပြင်လိုမဟုတ်။ လူတန်းစားညီမျှတယ်။ ညီညွတ်တယ်။ ဆင်းရဲချမ်းသာ မခွဲဘူး။ ပုဒ်မနဲ့ ခွဲကြတယ်။
လူသစ်တစ်ယောက် ထောင်ထဲရောက်လာရင် ပုဒ်မမေးကြတယ်။ သူခိုးထက် ဓားပြမှုနဲ့ ကျလာတဲ့လူကို လေးစားတယ်။ လူသတ်မှုနဲ့ ထောင်ကျ လာသူဟာ ဂုဏ်ထူးဆောင်ပဲ။
မျက်နှာအငယ်ရဆုံးကတော့ မုဒိန်းမှုနဲ့ ထောင်ကျလာတဲ့သူ။ ပုဒ်မ၃၇၆ နဲ့ ကျလာသူဟာ မျက်နှာအငယ်ရဆုံးပဲတဲ့။
ထောင်အတွင်း စားမှုနေမှု။ နေမှုက သည်လောက်မဟုတ်။ စားမှုက တကယ့်အရေး။ ထောင်တစ်ခုလုံးရှိ ထောင်သားတွေကို မည်သို့ ချက်ပြုတ်ကျွေးပုံ၊ မည်သို့ စီမံခန့်ခွဲပုံ။ ထောင်မှူးအောက်က ၀န်ထမ်းတွေအကြောင်း၊ ထောင်သားတွေအကြောင်း၊ ပြီးတော့ ထောင်ဇာတ်လမ်းမှ ပြောပြသွားသော နိုင်ငံရေးအကြောင်း၊ သဘောတရားရေးအကြောင်း။
ထောင်အကြောင်း ကောင်းကောင်းသိချင်ရင်တော့ သည်စာအုပ်လေးက လက်ကိုမလွှတ်သင့်ပါဘူး။( စာဖတ်ရတဲ့အရသာက ဒါပါပဲ။ ကိုယ်ထောင်အကြောင်း သိချင်ရင် ထောင်ကျဖူးဖို့ မလိုဘူး)။
ပုံစံထောင်နဲ့ စံပြထောင် မည်သို့ကွာပုံ။ နိုင်ငံရေးပုဒ်မနဲ့ ကျလာသူဟာ လွတ်ရက်မရှိ ထောင်မှာနေရကြောင်း၊ နောက်ပြီး ထောင်ထဲက လူတွေရဲ့ စရိုက်တွေ အကျင့်တွေ။ တစ်ခါမှမကြားဘူးတဲ့အကြောင်းအရာတွေ၊ထောင်ထဲမှာ အစာငတ်ခံဆန္ဒ ပြဖို့ ပြင်ဆင်ပုံအဆင့်ဆင့် စုံလို့ပါပဲ…………..။
သူတို့ညီညွတ်ခဲ့ကြတယ်။ ဒါပေမဲ့ ကြောင်ကိုတော့ ခြူမဆွဲနိုင်ခဲ့ဘူး………..အဲ့ကြောင်ဟာ ဘယ်သူဖြစ်မလဲ…………..။
-ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ
-မောင်သာရ
-တန်ဖိုး-၂၅၀၀ကျပ်
-ရသစာပေ
#လွှားအောင်(စစ်ကိုင်း)