Home > Uncategorized > စစ်ဘေးရှောင် ကျွန်နော့်အဘွား

စစ်ဘေးရှောင် ကျွန်နော့်အဘွား

စစ်ဘေးရှောင် ကျွန်နော့်အဘွား

လွှားအောင်(စစ်ကိုင်း)

(မျက်မှောက်ခေတ် ဆောင်းပါး)

အဘွားအသက်က ၉၀ကျော်နေပြီ။ ဂျပန်ခေတ် ကျွဲညီနောင်ကို သိမှီခဲ့သည်။ အနေရိုးသလောက် စိတ်ပူပင်မှုလည်းအားကြီးသည်။ အိမ်ကတယောက်ယောက် အပြင်ကပြန်မလာသေးရင် တတွတ်တွတ်မေးနေတော့တာ။

အဘွားအကြိုက်ဆုံးအစားစားက ခရမ်းသီးပြုတ်ကို အသိုးခံထားတဲ့ ခရမ်းချဉ်တဲ့။ထူးခြားတာတခုက အဘွားဟာ ခုတင်ပေါ်မှာထိုင်နေရင်းလည်း ဖိနပ်စီးထားတတ်တာပါပဲ။

ကျွန်တော်အသက် ၃၀ ပြည့်တော့မယ် အဘွားအရွယ်ကော ရောက်ပါ့မလား ရောက်ရင်ရော အဘွားလိုပဲ ဖိနပ်မချွတ်ဘဲ ထိုင်နေမိမလား။

ခေတ်ရဲ့ရိုက်ပုတ်တဲ့ ဒဏ်ကိုတနည်းမဟုတ်တနည်းနဲ့ ကျွန်တော်တို့ စိတ်မှာစွဲကျန်ရစ်ခဲ့ကြရသည်။

ယခုနွေဦးကာလအလွန်မှာရော ကျွန်တော်တို့ ငြိမ်းချမ်းသွားပြီဆိုကြပါစို့။ အမာရွတ်တွေ အပြည့်နဲ့ အဆင်ပြေနိုင်ကြပါ့မလား။ မမြင်ရတဲ့ ဒဏ်ရာတွေကိုရော အချင်းချင်း နားလည်နိုင်ကြပါ့မလား။
မကျေနပ်ရင် ထချမယ်ဆိုတဲ့ အကျင့်တွေရော ပါလာအုံးမလား။ လားပေါင်းများစွာနဲ့ မတူညီတဲ့လူတွေကြား အဆင်‌‌ပြေစွာနေဖို့ သင်ယူရအုံးမည်။ ဆုံးရှုံးလစ်ဟာ သွားမှုတွေရော အဆင်ပြေပါ့မလား လောလောဆယ်မှာတော့ စွန့်လွှတ်ဆုံးရှုံးခဲ့ရသည့်ဘ၀တွေ အသက်‌တွေ များလွန်းလှသည်။

အဘွားရဲ့ငယ်ဘ၀ နေခဲ့ရသောရွာက အဒေါ်နဲ့တွေ့တော့ သူ့ရင်ဖွင့်သံကို နားထောင်ခဲ့ရသည်။သူတို့ရွာမှာက ပျူတွေ တစ်၀က်လောက်ရှိသည်။ ၂၀၂၂ ခုနှစ်အညာမှာ စဖြစ်ကတည်းက သူတို့ အသက်လက်လုပြေးခဲ့ရသည်။

အသက်၇၀အရွယ် အဘွားရယ် ၃နှစ်အရွယ်ကလေးတယောက်ရယ် သူတို့မိသားစုရယ် ရန်ကုန်ကိုပြေးခဲ့ရသည်။ ဘာမှမယူနိုင်ခဲ့ စု‌ဆောင်းထားတဲ့ စပါးတွေတင်းရာချီကျန်ခဲ့သည်။

မြေမှာမြှုပ်ထားသော ဆီပုံးတွေ ကျန်ခဲ့သည်။ကျန်ခဲ့သောအရာမှန်သမျှ ပျူ‌တွေကအိမ်ကလွဲ၍ အကုန်ယူသည်။ ကျန်ခဲ့သော လယ်ယာမှန်သမျှ ခွဲခြမ်းကာ လုပ်စားနေကြသည်။ ထိုပျူဆိုသောသူများမှာ ဟိုအရင်က လုပ်စရာ ယာခင်းတစ်ကွက်တလေမျှ မရှိသော အခြေနေမဲ့များပင်ဖြစ်သည်။

ထိုသို့သော အခြေအနေပေါင်းများစွာသော လူထုက နွေဦးတော်လှန်ရေးမှ မနိုင်ခဲ့လျှင် ပြန်စရာ အိမ်မရှိ ပြန်စရာရွာမရှိ ကျောခင်းစရာနေရာမရှိ။ အကယ်၍သာ ဆိုပြီး ရင်မောနေရသော နှစ်ကာလများပင်ဖြစ်သည်။

အဘွားတို့မီလိုက်သောခေတ်က ဂျပန်တွေရွာထဲ၀င် သူတို့ လိုချင်တာ လုယူစားသောက် သားမယားဖျက်ဆီး ယုတ်မာမှုတွေမျိုးစုံ မြင်တွေ့ခဲ့ရသည်။

နွေဦးတော်လှန်ရေးကာလ ကျွန်တော်တို့ခေတ်မှာတော့ စစ်ခွေးတွေ ဖက်-ဆစ်သန္ဓေမပျောက်သောစရိုက်များက တရွာ၀င်တရွာထွက် ကြက် ၊ ၀က်နဲ့ ရွာမှာရှိတဲ့ ခိုင်းနွားပင်မချန် သ-တ်ဖြ-တ်စားသောက်ကြသည်။ တွေ့သမျှအကုန်ယူကြသည်။ပြီးလျှင် ရွာကိုမီး-ရှို့ကြသည်။

ရွာသားကလေးတွေကိုပင် အရှင်-လတ်လတ် မီး-ရှို့သ-တ်ခဲ့ကြသည်။ ဒါတွေဟာ အဘွားကြုံခဲ့ရသော ဂျပန်ခေတ်ကို အဘွားရဲ့ပြောပြချက်များကိုတွေးတောရင်းနဲ့ လက်ရှိမြင်နေရတဲ့ အခင်းကျင်းကို ထပ်တူချကြည့်ချင်းမျှသာ။ ဘယ်အရာက ပိုဆိုးရွားလဲဆိုတာတော့။

#လွှားအောင်(စစ်ကိုင်း)

error: Content is protected !!