ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်းတွေ
တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
ကိုယ့်မှာ အာဏာပါဝါလုပ်ပိုင်ခွင့်လေး နည်းနည်းရလာတာနဲ့ အောက်ခြေလွတ်တဲ့သူတွေကို မြင်ရင် စာရေးသူဟာ ဆရာ တက္ကသိုလ်မင်းမော်ရဲ့ ” ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်း” ဆိုတဲ့ကဗျာကို သတိရတယ်။
ခုလည်းရွာလေးတစ်ရွာက တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်နေတဲ့ လူတစ်ယောက်ကို မြင်တွေ့ရတဲ့အခါမှာ ဆရာတက္ကသိုလ်မင်းမော်ရဲ့ ကဗျာကို သတိရမိတာပါပဲ။
သူကြီးခေါ်၍
ဘာသော်မသိ၊ လာခဲ့မိသည်
သူ၏စိတ်မှာ တထင့်ထင့်။
သူကြီးမင်းက
တောင်ကငါးအိမ်၊ မြောက်ငါးအိမ်ကို
ဆယ်အိမ်ခေါင်းလုပ်၊ မင်းအုပ်ချုပ်လေ
အမိန့်ခြွေသော်
နေမထိထိုင်မသာ၊ ပီတိဖြာသည်
ပြန်လာနှစ်သိမ့် တစိမ့်စိမ့်။
တစ်ရွာလုံးနဲ့ တစ်ယောက်ဖြစ်နေတဲ့ တာဝန်ရှိသူဟာလည်း အများကတော်လှန်ရေးဆိုလို့ တော်လှန်ရေးထဲဝင်လာခဲ့သူတစ်ယောက်ဖြစ်ဖို့များပါတယ်။
စည်းရုံးရေးတွေ၊ နိုင်ငံရေးအခြေခံသဘောတရားတွေ၊ ရပ်ရွာရဲ့ လက်တွေ့မြေပြင်အခြေအနေတွေကို ထည့်သွင်းစဥ်းစားတတ်ဟန်မရှိပါဘူး။ သူလုပ်နိုင်တာက ရွာသားတွေကို ခြိမ်းခြောက်ဖို့ရယ်၊ အစည်းအဝေးတွေမှာ အထက်က ညွန်ကြားထားတဲ့ စာအုပ်ကို စားပွဲပေါ် ရိုက်ရိုက်ပြီး ရွာသူရွာသားတွေနဲ့ ငြင်းခုံဖို့ရယ်ပါပဲ။ ဒါပေမယ့် သူ့ဟာသူတော့ ရပ်ရွာကိုကာကွယ်သူကြီးအဖြစ်ကနေ တပြားသားမှလျှော့ဟန်မတူပါဘူး။
အိမ်ပြန်ရောက်သော်၊ မိန်းမခေါ်၍
ပွဲတော်ပြင်စေ၊ သူခိုင်းလေလျှင်
ခိုင်းနေမကျ၊ ဟန်မလှ၍
မိန်းမစိတ်မှာ မသင်္ကာ။
–
မသင်္ကာ၍
ဘာများဖြစ်လာ၊ မေးစမ်းပါလည်း
ဘာတစ်ခွန်းမျှ မေးမရ။
–
သူခိုင်းစေရာ
စားနေကျဟင်း၊ ပြောင်းထမင်းနှင့်
ကြမ်းခင်းပေါ်တွင်၊ အသင့်ပြင်လည်း
သူဝင်မစား၊ မျက်နှာထားနှင့်
စားဖွယ်ဘောဇဉ်၊ စားပွဲတင်စေ
ခိုင်းပြန်လေလျှင်
ခိုင်းနေမကျ၊ ဟန်မလှ၍
မိန်းမစိတ်မှာ၊ မသင်္ကာ။
–
မသင်္ကာ၍
ဘာများဖြစ်လာ၊ မေးစမ်းပါလည်း
ဘာတစ်ခွန်းမျှ ၊မေးမရ။
–
သူခိုင်းစေရာ ၊ကြံဖန်ရှာလျှက်
ကျူဖျာကြွက်ဖောက်၊ တောင်းကိုမှောက်
တောင်းမှောက်ပေါ်တွင်၊ စကောတင်
စကောပေါ်တွင်၊ ပုဆိုးတင်
ပုဆိုးပေါ်တွင် ၊ပွဲတော်ပြင်။
–
ပွဲတော်ဘောဇဉ်၊ သူကြိုက်မြင်လည်း
ဝင်ရောက်မထိုင်၊ မစားနိုင်ပဲ
ငေးငိုင်တွေဝေ၊ မျက်ရည်ဝေလျှက်
”အော်….အမေ အမေ’
အမေစိတ်စော၊ အသေလောသည်
ချစ်သောသူ့သား၊ ကံမြှောက်စား၍
ကြီးပွားနေဘိ၊ သူမသိ “ဟု
မချိစိတ်ထဲ ၊အံကိုခဲလျှက်
ဝမ်းနည်းဝမ်းသာ၊ အကြောင်းရှာ၍
ဟဝှါမဟုတ် ၊ ဟဝှါလုပ်သည်
ကျုပ်တို့ရွာက ဆယ်အိမ်ခေါင်း ။ ။
တက္ကသိုလ်မင်းမော်
လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သိဖို့က သိပ်အရေးကြီးပါတယ်။ ကိုယ့်ရဲ့ပညာအရည်အချင်းကဘယ်လောက်ရှိသလဲ၊ ကိုယ်ဘယ်လောက်ထိ လုပ်ကိုင်နိုင်စွမ်းရှိသလဲ၊ စွန့်လွတ်နိုင်စွမ်းရှိသလဲ ကအစ လူတွေကိုယ့်အပေါ်မှာ ဘယ်လောက်ယုံကြမှုရှိသလဲဆိုတာအဆုံး တတ်နိုင်သလောက် ဆန်းစစ်ကြရမှာဖြစ်ပါတယ်။အရေးအကြီးဆုံးအချက်ကတော့ ရိုးသားမှုရှိဖို့နဲ့ စေတနာ မှန် ဖို့ပဲဖြစ်ပါတယ်။
လူဆိုတာ ကိုယ့်မှာဘာမှ မရှိဘဲနဲ့ အများအကျိုးလုပ်လို့မရပါဘူး။ ကိုယ့်မှာရှိတာဆိုလို့ ဥစ္စာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူး။ ဥစ္စာမရှိရင်လည်း ပညာ၊ စေတနာ၊ အနစ်နာခံမှုတွေနဲ့ အများအကျိုးဆောင်နိုင်တာပါပဲ။ ဒါတွေတစ်ခုမှမရှိရင်တော့ အများအကျိုးဆောင်ရမယ့် တာဝန်တွေကို မယူသင့်သလို သက်ဆိုင်ရာတွေကလည်း ဒီလိုလူမျိုးတွေကို တာဝန်မပေးသင့်ပါဘူး။
ခုကျနော်တို့ဆီမှာ ဟဝှာမဟုတ် ၊ ဟဝှာလုပ်တဲ့ ဆယ်အိမ်ခေါင်းတွေ ဘယ်လောက်ရှိနေပြီလဲ။ ဒါတွေကို သက်ဆိုင်ရာတွေက ပြည်သူ့အသံနားထောင်ပြီး အမြန်စီစစ်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
#တက်နေထွန်း