လောကဓံ တံတားလေးပေါ်က မြင်ကွင်းတွေဝေလင်းလက်(မျက်မှောက်ခေတ် ရသစာတမ်း)ကျနော်နေ့စဥ်နီးပါး ဖြတ်သန်းနေရသော တံတားလေးတစ်ခုရှိပါသည်။ ထိုတံတားမှာ မြစ်တစ်မြစ်ကို ဖြတ်သွယ်တန်းထားသော ကြိုးတံတားလေးဖြစ်ပါသည်။တံတား၏နာမည်က မေတ္တာကြိုးတံ တား ဖြစ်သော်လည်း ကျနော်ကတော့ ထိုကြိုးတံတားကို လောကဓံ ကြိုးတံတားလေးဟု ကိုယ့်ဘာသာကိုယ် နာမည်ပေးထားပါသည်။ကျနော်သည် နေ့စဥ်နီးပါး ထိုတံတားလေးကိုဖြတ်ပြီး လမ်းလျှောက်လေ့ရှိသည်။ တံတားက စီးဆင်းနေတဲ့ မြစ်ပေါ် တော်တော်မြင့်သည်။ မြစ်ကို အပေါ်စီးကမြင်ရပြီး တောင်တန်းတွေကို တည့်တည့်ကြည့် နိုင်ပါသည်။ ကျယ်ပြန့်သော လယ်ယာခင်းတွေကိုလည်း ငေးမောနိုင်သောကြောင့် တံတားပေါ် လမ်းလျှောက်ရသည်ကို ကျနော်နှစ်သက်မိပါသည်။တံတားအောက်က စီးဆင်းနေသောမြစ်တွင် သွေးတွေ၊ သမိုင်းတွေပျော်ဝင်နေပါသည်။ တော်လှန်ရေးစတင်ခါစက အဆိုပါမြစ်ထဲမှာ အလောင်းတွေနေ့စဥ်နီးပါးမျောပါနေခဲ့ကြောင်း ဒေသခံတွေက ပြောပြကြပါသည်။ခုတော့မြစ်ဟာ သူကိုယ်မှာစွန်းပေခဲ့တဲ့ သွေးတွေကို မိုးရာသီနှစ်မိုးရာသီ ဆေးကြောခဲ့ပြီးဖြစ်ပါသည်။ သို့သော်သမိုင်းဒဏ်ရာဒဏ်ချက်တွေနဲ့ သွေးစွန်းခဲ့သော ထိုမြစ်ကို လူတို့သည် နေ့စဥ်လျပ်စစ်ရှော့တိုက်ပြီး နိုပ်စက်လျက်ရှိပါသည်။တံတားအနီးက ယာခင်းတွေမှာလည်း ပြောပြစရာ အတွေ့အကြုံတွေရှိကြပါသည်။ ထိုယာခင်းတွေသည် စစ်ကြောင့်ပြေးလာသော ရွာသူရွာသားတို့ကို ထွေးပွေ့ခဲ့ရသည်။ သည်းခံခဲ့ရသည်။ လက်ရှိယာခင်းပြင်တွင်ရှိနေသော တဲကလေးများမှာ စစ်ပြေးလာရင်း ယာခင်းနှင့်သံယောဇဥ်ငြိတွယ်သွားကြသည့် မိသားစုဝင်တွေဖြစ်သည်။ ယာခင်းတွေမှာ သူ့အပေါ်နေထိုင်ကြသူတွေကို သီးနှံများများ ပေးချင်ရှာပေလိမ့်မည်။ သို့သော် သီးနှံကောင်းရေးသည် ယာခင်းတွေတင်ကောင်းလို့ရသည်မဟုတ်။ ရာသီဥတုလည်းမှန်ဖို့လိုလေသည်။တံတားပေါ်မှ မြင်ရသော တောင်တန်းတို့သည် အစိမ်းရောင်ဖြစ်သည်။ ထိုမျှအစိမ်းသည် တောင်တန်းတို့၏ မူမှန်အသားအရေမဟုတ်ပါ။ တောင်တန်းတို့၏ မှုမှန်အသားအရေသည် စိမ်းညို့နေရာမည်။တောင်တန်းတွေပေါ်မှာ သစ်ပင်တွေကျဲကျဲပါးပါးသာရှိမှန်း အဝေးကအကြည့်နဲ့တင် သိသာနေသည်။ ရာသီဥတုသည် သစ်တောတွေမရှိဘဲ မမှန်နိုင်။ တောင်တန်းတွေက ယာခင်းကိုမကယ်နိုင်၊ ယာခင်းတွေကလည်း တောင်တန်းတွေကိုမကယ်နိုင်။ ထိုအဖြစ်အပျက်ကြား မြစ်သည် တဖြည်းဖြည်း ပိန်လှီလာသည်။ လူတွေတဖြည်းဖြည်း ကြပ်တည်းလာပါသည်။ကျနော်သည် လောကဓံတံတားလေးပေါ်လမ်းလျှောက်ရသည်မှာ နိမ့်ချည်တစ်ခါ၊ မြင့်ချည်တစ်လှည့်ခံစားရသည်။ တကယ့်လောကဓံသည်လည်း ဤလောကဓံကြိုးတံတားလေးကို ဖြတ်သန်းရသည့်အတိုင်းဖြစ်လျင်တော်သေးသည်။ လက်ရှိအချိန်တွင် ကျနော်တို့လောကဓံသည် အနိမ့်ကိုချည်း ဆင်းနေသလား ခံစားနေရသည်။တံတားလေး၏ အဆုံးတွင် မေတ္တာကြိုးတံတား အမှတ် (၃) ဟူသော ဆိုင်းဘုတ်ကလေးကိုတွေ့ရသည်။ ဤတံတားလေးသည် မေတ္တာကြိုးတံတား အမှတ် (၃) ဖြစ်သည့်အတွက် ကျန်မေတ္တာကြိုးတံတားတွေလည်း ရှိသေးသည့်သဘောဖြစ်သည်။ ကျနော်တို့တွေ ခေတ်ကြပ်ကြီးထဲ ဖြတ်သန်းနေရစဥ်မှာ မေတ္တာကြိုးတံတားများစွာ လိုအပ်လျက်ရှိပါသည်။ Post Views: 163 Share