စိတ်ဝင်စားမှုနည်းပါးလှတဲ့ မြန်မာ့ပညာရေး
တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
စစ်တပ်က အာဏသိမ်းပြီးကတည်းက မြန်မာပြည်သူလူထုရဲ့ ပထမရည်မှန်းချက်က စစ်အာဏာရှင်ပြုတ်ကျရေးဖြစ်ပါတယ်။ ရည်မှန်းချက်အတိုင်း မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ကြတာကြောင့် လက်ရှိအချိန်မှာ ထိုက်သင့်တဲ့ ခရီး၊ ရသင့်တဲ့ အနေအထားတစ်ရပ်ကို ရရှိခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
အာဏာမသိမ်းမီ ကိုဗစ်ကာလကတည်းကနေ တော်လှန်ရေးကာလ အစောပိုင်းနှစ်အထိ ကျောင်းသူကျောင်းသားအများစုဟာ ပညာရေး ကွင်းဆက်ပြတ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ တော်လှန်ရေးကြောင့် လွတ်မြောက်နယ်မြေတွေ ရှိလာတဲ့အခါမှာ ပြည်သူ့အခြေပြုကျောင်းတွေ ပေါ်ပေါက်လာပါတယ်။ ပြည်သူ့အခြေပြုကျောင်းတွေမှာ CDM ဆရာ၊ဆရာမ တွေက ဦးဆောင်ပြီး ဗော်လန်တီယာ ဆရာ၊ဆရာမတွေနဲ့ ပညာရေးကို လည်ပတ်နေကြတာပါ။
ပြည်သူ့အခြေပြုကျောင်းတွေ ပေါ်ပေါက်လာပေမယ့် အများစုက ပညာရေးကို စိတ်ဝင်စားမှု နည်းပါးတာကို မြင်တွေ့နေရပါတယ်။ အများစုဆိုတဲ့နေရာမှာ ၊ ကျောင်းသူ၊ကျောင်းသား၊ မိဘ၊ ရပ်မိရပ်ဖနဲ့သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ပညာရေးဆိုတာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ သင်ကြားပေးနေတဲ့ ဆရာ၊ဆရာမ တွေဟာ အဓိကအရေးကြီးတာမှန်ပေမယ့် သူတို့ချည်းပဲ လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ ပြည်သူတွေဟာ ပညာရေးကို ဘာကြောင့်စိတ်ဝင်စားမှုနည်းပါးလာရတာလဲ။
ပညာရေးအပေါ်စိတ်ဝင်စားမှုနည်းပါးရတဲ့ အဓိကအကြောင်းတွေထဲမှာ ပညာရေးအာမခံချက်၊ ပညာရေးမျှော်လင့်ချက် နည်းပါးတာ ၊မရေရာတာ တွေ ပါဝင်ပါတယ်။ အထက်တန်းပြီးသွားရင်ဘာလုပ်မှာလဲ။ ဘာတွေဆက်တက်ရမှာလဲ။ ဘာအခွင့်အလမ်းတွေရှိသလဲ ဆိုတာတွေကို အောက်ခြေပြည်သူတွေက သေသေချာချာမသိကြပါဘူး။
အထက်တန်းပြီးသွားရင် အွန်လိုင်းပေါ်ကနေ တက္ကသိုလ်တက်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ပါဘူး။ အင်တာနက်ရရှိဖို့ အခက်အခဲရှိသလို ကျောင်းသူကျောင်းသား အများစုဟာလည်း အွန်လိုင်းကနေသက်သက် ပညာသင်ယူပြီး တတ်မြောက်ဖို့ လုံလောက်တဲ့ အခြေခံ မရှိကြတာများပါတယ်။ နိုင်ငံခြားက တက္ကသိုလ်တွေကို ဝင်ခွင့်ဖြေ တက်ရောက်ဖို့ဆိုတာကတော့ လက်တစ်ဆုပ်စာလောက်သာ ဖြစ်ပါမယ်။
ဟိုအရင် အာဏာမသိမ်းမီကတော့ ဆယ်တန်းအောင်ရင်၊ အထက်တန်းပြီးဆုံးရင် ကိုယ်ဝါသနာပါတဲ့ မေဂျာတစ်ခုခုနဲ့ တက္ကသိုလ်တက်မယ်၊ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေ တက်မယ် ဆိုတဲ့ မျော်လင့်ချက်တွေနဲ့ ကျောင်းသူကျောင်းသားတွေက ကြိုးစားကြသလို မိဘတွေကလည်း တွန်းအားပေးကြပါတယ်။ လက်ရှိအချိန်မှာတော့ ဘာမှ မ ရေရာတဲ့ စိတ်ခံစားမှုက ကလေးတွေကို ကြိုးစားချင်စိတ် နည်းစေသလို မိဘတွေကလည်း တွန်းအားပေးတာမျိုး သိပ်မရှိကြတော့ပါဘူး။ အဖွဲ့အစည်းအများစုကလည်း တော်လှန်ရေး၊ စစ်ရှောင်တွေအရေးကိုပဲ အာရုံစိုက်နေရပြီး ပညာရေးဘက်ကို မလှည့်နိုင်ကြတာ တွေ့မြင်နေရပါတယ်။ ကျနော်တို့တွေ ဘယ်လို မျှော်လင့်ချက်တွေနဲ့ ပညာကိုကြိုးစားသင်ယူကြရမှာလဲ။
ကျနော်တို့ဟာ ပညာတတ်မှ ကောင်းမွန်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာပါ။ တော်လှန်ရေးကာလမှာရော၊ တော်လှန်ရေးအလွန်ကာလမှာပါ ပညာတတ်များစွာကို လိုအပ်မှာ မြေကြီးလက်ခတ်မလွဲပါ။ နိုင်ငံရဲ့ လူသားအရင်းအမြစ် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အထက်တန်းပြီးဆုံး အောင်မြင်ပြီးသား လူငယ်တွေကိုသာ အားကိုးအားထား ပြုကြရမှာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ပညာဆိုတာ လူတစ်ယောက်အနေနဲ့ လေ့လာသင်ယူရမယ့်အရာ ဖြစ်ပါတယ်။ သူ့ခေတ်နဲ့သူ လိုက်လျောညီထွေဖြစ်မယ့် ပညာကို တတ်မြောက်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပညာကို ကြိုးစားသင်ယူထားသူတွေဟာ နောင်တချိန်မှာ အကျိုးရလဒ်ကို ခံစားကြရမှာဖြစ်ပြီး မကြိုးစားခဲ့တဲ့သူတွေကတော့ သူတို့လိုချင်တဲ့ နေရာ၊အလုပ်အကိုင်ရဖို့ ခက်ခဲတယ်ဆိုတာ သတိချပ်ဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ ကျနော်တို့နိုင်ငံရဲ့အနာဂတ်ဟာ ကျောင်းသူကျောင်းသားတွေ ပညာကိုဘယ်လောက် ကြိုးစားသင်ယူနေသလဲဆိုတဲ့ အပေါ်မှာ မှုတည်နေတာပါပဲ။
ဒါကြောင့် ဆယ်ကျော်သက်အရွယ်လူငယ်တွေ ပညာရေးကို ကြိုးစားကြဖို့လိုသလို ၊ မိဘတွေကလည်း တွန်းအားပေးဖို့ လိုအပ်ပါတယ်။ အဖွဲ့အစည်းတွေဘက်ကလည်း ပညာရေးဘက်ကို ထိုက်သင့်တဲ့ စိတ်ဝင်စားမှုရှိပြီး ကူညီထောက်ပံ့အားပေးမှုတွေ တတ်နိုင်သလောက် လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။