တာမိုးညဲဖူးသိမ်ကျရှမ်းပြည်နယ်မြောက်ပိုင်း တာမိုးညဲမြို့ကို လက်ဖက်စိုက်ခင်းတွေအကြောင်း သွားရောက်ရိုက်ကူးခဲ့ပါတယ်။အချိန်အခါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်၊ဆောင်းရာသီ အချိန်တခုမှာပါ။ကွတ်ခိုင်မြို့ကနေ တာမိုးညဲမြို့ကို မိနစ်၃၀ လောက် ကားမောင်းသွားရပါသေးတယ်။လားရှိုး-တာမိုးညဲ လမ်းဘေးတလျှောက်မှာ လက်ဖက်စိုက်ခင်းတွေကို စပြီး တွေ့ရပါတယ်။ရောက်ခါစ မြင်ကွင်းဖြစ်တာရော တကြိမ်တခါမှ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးဖြစ်တဲ့အတွက် ဒီလက်ဖက်စိုက်ခင်းတွေဟာ တောင်တန်းကြီးရဲ့ဘေး လှေကားထစ် စိုက်ပျိုးထားတဲ့ စိုက်ခင်းအလှတွေကို ကြည့်ရှုငေးမောရင်း ပါးစပ်ကလဲ လွှတ်ကနဲထွက်သွားပါတယ်။“စိုက်ခင်းတွေက လှတာပဲ”လို့ ပြောမိတော့ တာမိုးညဲဒေသခံက ကားမောင်းနေရင်း ဒီထက်လှတဲ့နေရာရှိတယ်လို့ ပြောပါတယ်။ဒီထက်လှတဲ့နေရာဆိုတော့ ဘယ်လိုနေရာမျိုးဖြစ်မလဲလို့ စိတ်ထဲတေးမှတ်ထားလိုက်ပါတယ်။ဒီမြို့ကို နှစ်ကြိမ်မြောက် ရောက်ခဲ့တာပါ။ ပထမအကြိမ်က နေရာထိုင်ခင်းကြည့်ဖို့နဲ့ တွေ့ဆုံမေးမြန်းရမယ့်သူတွေကို အကြိုသဘော၊အစမ်းသဘော တွေ့ဆုံစကားပြောတာမျိုး လုပ်ရပါတယ်။နေရာဒေသတိုင်းတော့ အခုလို မလုပ်ဖြစ်ပါဘူး။နယ်မြေအနေအထားအရ ကြိုတင်တွက်ဆထားကာမှ တော်ကာကျနိုင်တဲ့ နေရာမျိုးဖြစ်ပါတယ်။ပထမအခေါက်မှာ ဘယ်လိုနေရာက ရိုက်လို့ရလဲ။ဘယ်နေရာမှာ စစ်တပ်တွေရှိတယ်။ပုဂ္ဂလိက စိုက်ခင်းထဲ ရိုက်တာဖြစ်ပေမယ့် နယ်မြေအနေအထားအရ ဆောင်ရန်ရှောင်ရန်တွေကို ကြိုသိထားဖို့လဲ ဖြစ်ပါတယ်။ပထမအကြိမ် စရောက်တဲ့နေ့က မြို့ကိုရောက်တဲ့အချိန်မှာ မိုးချုပ်နေပါပြီ။နောက်နေ့မနက်မှာမှ ဒေသခံတွေပြောတဲ့ အလှဆုံးလှပါတယ်ဆိုတဲ့ လက်ဖက်စိုက်ခင်းကို သွားကြမယ်ဆိုပြီး ညစာစားနေရင်း ချိန်းဆိုလိုက်ကြပါတယ်။အအေးဒဏ်ကတော့ ခိုက်ခိုက်တုန်အောင် ခံစားရပါတယ်။အအေးမကြိုက်တတ်တဲ့ကျနော့်အဖို့တော့ နေရထိုင်ရတာ အခက်တွေ့စေပါတယ်။နောက်တနေ့မနက် မနက်စာစားလို့အပြီးမှာတော့ ဈေးနေ့နဲ့ကြုံတဲ့အတွက် တာမိုးညဲဈေးကို ခေါ်သွားတဲ့ဒေသခံက လိုက်ပြပါတယ်။မြို့က တရုတ်နိုင်ငံက ရွာတရွာကိုရောက်သွားသလို ခံစားရပါတယ်။တရုတ်ရုပ်ရှင်ကတွေမှာ တွေ့ရတတ်တဲ့ လူနေအိမ်တွေ ၊ဈေးဆိုင်တွေနဲ့ ခေါက်ဆွဲရောင်းတဲ့ ဆိုင်တွေလိုပါပဲ။ဒေသခံက ရေချိုးမလားလို့ ပြောပါတယ်။ဒီလောက်အအေးဓာတ်လွန်ကဲနေချိန်မှာ ရေချိုးဖို့မပြောနဲ့ အေးတဲ့ဒဏ်ကို ကာကွယ်ဖို့အတွက် အရည်ပြားတကွက်တလေမပေါ်အောင် ထုတ်ပိုးဝတ်ဆင်ထားရပါတယ်။နေထွက်လာချိန်မှာတော့ သုံးထပ်လောက်ထပ်ထားတဲ့ အနွေးထည်တွေကို တထပ်လောက်သာ ခွာလို့ရယုံသာပါ။ဒေသခံက ဒါတောင် ရေခဲတဲ့အထိအေးတဲ့ ရက်တွေမဟုတ်ဘူးလို့ ပြောပါတယ်။ဈေးကနေပြန်ထွက်လာတော့ ကျောင်းဖွင့်ပွဲတခုနဲ့ ကြုံကြိုက်ပါတယ်။စာသင်ကျောင်းတကျောင်းရဲ့ ကျောင်းဆောင်သစ်တွေ ဆောက်လုပ်လှူဒါန်းထားတာကို ဖွင့်ပွဲလုပ်တာပါ။ကျောင်းရဲ့ဘေးပတ်လည်မှာ လက်နက်ကိုင်ထားတဲ့ ဝတ်စုံအပြည့် ဝတ်ဆင်ထားသူတွေ စောင့်ကြပ်တာကိုတွေ့ရပါတယ်။သူတို့တွေက ကျောင်းရဲ့ခြံစည်းရိုးပြင်ပမှာ နေရာယူစောင့်ကြပ် နေကြတာပါ။တာဝန်ကြီးကြီးယူထားပုံရတဲ့ တယောက်စနှစ်ယောက်စကသာ ကျောင်းဝန်းထဲ လှည့်လည်သွားလာနေတာကို တွေ့ရပါတယ်။ကျောင်းဖွင့်ပွဲ ညဘက်မှာတော့ ကပွဲတွေ၊သီချင်းဆိုတာတွေ ပါပါတယ်။နေ့ဘက်မှာတော့ ကျောင်းဖွင့်ပွဲ အခမ်းအနားလုပ်ကြပါတယ်။အခမ်းအနားအစီအစဉ်ကြေညာသူ ဆရာမနှစ်ဦး၊တဦးက မြန်မာဘာသာစကားနဲ့ အစီအစဉ်ကို ကြေညာပေးပါတယ်။နောက်တဦးကတော့ တရုတ်ဘာသာစကားနဲ့ အစီအစဉ်ကို တင်ဆက်ပေးပါတယ်။ကျောင်းဖွင့်ပွဲမှာကျွေးတဲ့ အကျွေးအမွေးအကြောင်း မပြောခင် ကျနော်ရိုက်ကူးခဲ့တဲ့ ရုပ်သံရုပ်ကပ်တခုအကြောင်းကို ပြောချင်ပါတယ်။ညပိုင်းမှာ အဆိုအကတွေပါပါတယ်။တရုတ်ဝတ်စုံဝတ်ထားကြတဲ့ အမျိုးသမီးအများစုက တင်ဆက်ကပြကြတာပါ။အသက်အရွယ်အားဖြင့် ငယ်ငယ်ရွယ်ရွယ်တွေထဲကတော့ မတွေ့ရပါဘူး။နောက်ဆုံးသီချင်းတပုဒ်ကို ကပြကြပါတယ်။ဒီသီချင်းပြီးရင် အဲဒီညရဲ့ တညတာအစီအစဉ် ပြီးဆုံးမယ်လို့လဲ မသိပါဘူး။သူတို့ ကပြတင်ဆက်နေတာကို ကင်မရာထောင်ပြီးတော့သာ ရိုက်နေတာပါ။ဘာတွေပြောလို့ ဘာတွေဆိုနေမှန်းလဲ မသိပါဘူး။နောက်ဆုံးကပြတဲ့သီချင်းတပုဒ်ရဲ့အဆုံးမှာ စာတမ်းအရှည်ကြီးတခုကို ကပြတဲ့အမျိုးသမီးတွေက ဆိုင်းဘုတ်ကိုင်သလို ကိုင်ပြကြပါတယ်။ပါဖောမန့်တခုခုလုပ်ပြတဲ့ဟန်ပေါ့။အကတခုရဲ့ အဆုံးသတ်ထားတဲ့ပုံ တွန့်တွန့်လိမ်လိမ်ကိုယ်ဟန်အနေအထားနဲ့ စာတမ်းကိုတော့ ခပ်တင်းတင်း ကိုင်မြှောက်ပြထားပါတယ်။ကျနော့် ပရိုဂျူဆာက ကျနော့်အနား လာကပ်ပြောပါတယ်။အဲဒါကိုအမိအရရိုက်ထားပါတဲ့။သူပြောတဲ့အတိုင်း ရိုက်ထားလိုက်ပါတယ်။သူတို့တွေ ကိုင်မြှောက်ပြတဲ့စာတမ်းက “မုန်းဝန်းဗမာလူမျိုးတွေပါ”ဆိုတဲ့ စာတမ်းဖြစ်ပါတယ်။ကျောင်းဖွင့်ပွဲမှာ အလျှံပယ်ကျွေးမွေးပါတယ်။ ထမင်းပန်းကန်ထက် ဟင်းထည့်တဲ့ ပန်းကန်က ပိုကြီးပါတယ်။ဝက်သားကိုပေါင်းထားပုံရပါတယ်။ဝက်သားတတုံးက လူကြီးလက်သီး နှစ်လုံးစာလောက်ရှိပါတယ်။ဒီလူတွေ ထမင်းမစားဘဲ ဟင်းချည်းပဲ စားကြတာလားလို့ တွေးမိပါတယ်။ကိုယ်ကိုယ်တိုင် ထမင်းဝင်စားတော့လဲ အခုဏ ဧရာမ ဝက်သားတုံးကြီးကို ကျနော့်ပန်းကန်ထဲ လာထည့်ပးပါတယ်။ကိုယ့်အနီးအနားကိုကြည့်တော့ သူတို့လဲ ဧရာမ ဝက်သားတုံးကြီးကို တွယ်နေတာကိုမြင်တော့ သူတို့လိုပဲ နေလိုက်ရပါတော့တယ်။ကျနော်က ကရင်ပါ။ကရင်မှာမှ နတ်စားကရင်။ဝက်သားကိုကြိုက်တတ်ပါတယ်လို့ ပြောဖို့ လိုမယ်မထင်ပါဘူး။သိတတ်တဲ့အရွယ်ကစပြီး အိမ်မှာ နတ်စားလာတာ လေးကြိမ် ၊ငါးကြိမ်မက ရှိပါတယ်။တခါနတ်စားရင် ဝက်နှစ်ကောင်ပါ။အကောင်ကြီးတဲ့ဝက်ကိုမှရွေးပြီး နတ်စားကြတာပါ။ကျွေးမွေးမယ့် ပရိသတ်အနေအထားနဲ့ အသားထွက်မယ့်အနေအထားကိုကြည့်ပြီး ခရမ်းသီးနဲ့ ရောပြီး ချက်တာရှိသလို အာလူးနဲ့ ရောချက် ကျွေးမွေးတာမျိုးလဲ ရှိပါတယ်။အရပ်ထဲမှာ ဝက်တကောင်လုံးကို ဘာနဲ့မှမရောဘဲ ကျွေးမွေးကြသူတွေလဲ ရှိပါတယ်။ကျွေးမွေးကြတဲ့နေရာမှာ ဝက်သားတုံးကို အခုလို ဧရာမကြီး ခုတ်ထစ်ထားတာမျိုးတော့ မဟုတ်ပါဘူး။သင့်တော်ရာအသားကို အနေတော်ကလေး ခုတ်ထစ်ချက်ပြုပ် ကျွေးမွေးကြတာပါ။ကျောင်းဖွင့်ပွဲကိုလာတဲ့ ကလေးတွေထဲ အင်္ကျီအနွမ်းကလေး ဝတ်ထားကြတဲ့ ကလေးတွေနဲ့ ပြဲစုတ်နေတဲ့ အင်္ကျီဝတ်ပြီး ထမင်းလာစားကြတဲ့ ကလေးတစုကိုမြင်တော့ သင်္ကာမကင်း ဖြစ်မိပါတယ်။တခမ်းတနား ကျောင်းဖွင့်ပွဲ အခမ်းအနားနဲ့ အကျွေးအမွေးတွေကို ကြည့်ခြင်းအားဖြင့် စီးပွားရေးအဆင်ပြေ သောင်သာကြတဲ့နေရာတခု ဖြစ်မယ်လို့ ထင်မိတာဟာ မှားများနေပြီလားပေါ့။ကျောင်းဖွင့်ပွဲမှာ တရုတ်လို အခမ်းအနားတင်ဆက်တဲ့ ဆရာမကို မေးကြည့်တော့မှ ထင်ထားတာတွေ လွဲနေမှန်း သိရတယ်။ဆရာမက သီပေါမြို့ကနေ တာမိုးညဲမြို့မှာ တာဝန်လာကျသူ ဖြစ်ပါတယ်။ကျောင်းခန်းထဲမှာ နွမ်းပါးနဲ့ကလေးတွေ အများစုရှိတယ်ဆိုတာကို သူပြောပြမှ သိရပါတယ်။ကျောင်းဖွင့်ပွဲအခမ်းအနားကိုကြည့်ရင် ဒီဒေသက ငွေကြေးပြည့်စုံတဲ့သူတွေ များမှာပဲနှော်လို့ ပြောတော့ “မဟုတ်ပါဘူးရှင် ဒီလောက်အေးတဲ့ အရပ်ဒေသမှာ အနွေးထည်အင်္ကျီတောင် မဝတ်နိုင်ဘဲ ကျောင်းလာတက်ကြတဲ့ ကလေးတွေ အများကြီးရှိတယ်”လို့ ဆရာမက ပြောပြပါတယ်ခဏတဖြုတ် ဖြတ်သွားဖြတ်လာ မြင်လ်ိုက်ယုံနဲ့ နောက်ကွယ်ကအကြောင်းတွေကို အလုံးစုံသိနိုင်မယ်တော့ မထင်ပါဘူး။ ဒီအရပ်ဒီဒေသမှာ အချိန်အကြာကြီး နေဖူးကြတဲ့သူတွေမှသာ ဒီဒေသကလူမှုဘဝ အမှန်တရားကို ကွက်ကွက်ကွင်းကွင်း မြင်ရသိရမှာဖြစ်ပါတယ်။နောက်တနေ့ညနေပိုင်းမှာတော့ လက်ဖက်စိုက်ခင်းတွေဆီကို သွားခဲ့ကြပါတယ်။ရန်ကုန်ကပါလာတဲ့ကားကို သူတို့မြို့ထဲမှာ ထားခဲ့ခိုင်းပါတယ်။သူတို့ကားတွေနဲ့ လိုက်ပို့ကြပါတယ်။လိုက်ပို့ကြတဲ့ ကားဆရာတွေက တရုတ်စကားပြောတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။လက်ဖက်ခင်းထဲ လိုက်ပို့ကြတဲ့ ကားတွေက လေးစီးလောက်ရှိပါတယ်။ဒီထက်ပိုနိုင်ပါသေးတယ်။အဲဒိလက်ဖက်စိုက်ခင်းမှာ ဓာတ်ပုံရိုက်ကြဖို့ ဖြစ်ပါတယ်။သူတို့တွေက မနေ့က ကျောင်းဖွင့်ပွဲမှာ ကပြကြသူတွေလည်း ဖြစ်ပါတယ်။မိနစ်၂၀လောက်မောင်းရတဲ့လမ်းမှာ ကျောက်ကြမ်းလမ်းတွေ ဖြစ်ပါတယ်။ရောက်လိုဇောနဲ့ မောင်းတာလား ပင်ကိုယ်က ကားမောင်းကြမ်းတဲ့သူတွေပဲဖြစ်မလားတော့ မသိပါဘူး။ကျနော်တို့ကားကိုမောင်းတဲ့ အမျိုးသမီးက လမ်းတလျှောက် တချက်ကလေးမှ အရှိန်လျှော့မမောင်းပါဘူး။ကျနော့်ခေါင်းနဲ့ ကားခေါင်မိုးနဲ့ ဆောင့်မိတဲ့အကြိမ် မရေမတွက်နိုင်ပါဘူး။တော်သေးတယ်။ လက်ဖက်စိုက်ခင်းကို နောက်ဆုံး ရောက်လာသေးလို့။အပြန်မှာတော့ အဲဒိလူမောင်းတဲ့ကားကို မစီးတော့ဘဲ တခြားကားကို ပြောင်းစီးပါတယ်။ကျနော်တို့အဖွဲ့ နောက်တရက်မှာပဲ မန္တလေးကို ပြန်ဆင်းလာကြပါတယ်။နောက်တခေါက်ရိုက်ကူးရေးအတွက် ပြန်ပြီး စီစဉ်ဆောင်ရွက်ရမှာတွေရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။#ဖူးသိမ်ကျ Post Views: 178 Share