ပြည်သူလူထုရဲ့ အသိရေချိန်ဆက်လက်မြင့်မားနေစေချင်တက်နေထွန်း(မျက်မှောက်ခေတ် ဆောင်းပါး)စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူလူထုရဲ့ စစ်အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်ဟာ အမြင့်ဆုံးရေချိန်ကို ရောက်ရှိခဲ့ပါတယ်။အမြင့်ဆုံးရေချိန်ကိုရောက်ရှိချိန်မှာ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိမခံစိတ်တွေလည်း ရှိခဲ့ကြပါတယ်။အဲ့ဒီစိတ်ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ ဒလန်ရှင်းတဲ့ကိစ္စတွေမှာ မသေသင့်တဲ့ ပြည်သူတချို့ သေခဲ့ကြရတယ်ဆိုတာ ခုလိုချိန်မှာ အများစုက လက်ခံကြပြီးဖြစ်ပါတယ်။ ခုချိန်မှာတော့ ဒီလိုကိစ္စတွေကို နေရာတော်တော်များများမှာ မရှိသလောက်ဖြစ်နေပါပြီ။ဒီဆောင်းပါးမှာ ကျနော်အဓိကတင်ပြချင်တာကတော့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ ပြည်သူလူထုကောင်းမှ ကောင်းမွန်တဲ့ အုပ်ချုပ်မှုကိုရမှာမို့ပါ။ ဒီတော့ ကျနော်တို့ ပြည်သူလူထုဟာ ညီညီညွတ်ညွတ်နဲ့ကောင်းကြဖို့ဟာ အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ ပြည်သူလူထုဟာ ဘယ်နေရာတွေမှာကောင်းနိုင်သလဲဆိုရင် ရပ်ရွာသာယာရေး၊ ပညာရေး စတဲ့ဘက်တွေမှာ ကောင်းအောင်ကြိုးစားလို့ရပါတယ်။မညှာတမ်းပြောရရင် ကျနော်တို့နိုင်ငံက ကျေးရွာတွေမှာ လမ်းပြင်ဖို့၊ တံတားပြင်ဖို့ဆို တစ်အိမ်တစ်ယောက် အမိန့်အာဏာနဲ့ခေါ်ပြီး ခိုင်းခဲ့ကြရတာ အစဥ်အလာ ဖြစ်နေခဲ့တာပါ။ ဒီလိုမှမခေါ်ရင် မလာတဲ့သူတွေရှိလို့ပဲဖြစ်ပါတယ်။ လာကြတဲ့အခါကြတော့လည်း တချို့အိမ်တွေက ကလေးတွေကိုထည့်လိုက်တယ်။ တချို့အိမ်တွေက သက်ကြီးရွယ်အိုတွေကို ထည့်လိုက်တယ် စသဖြင့် ကျနော်တို့ ငယ်ရွယ်စဥ်မှာ ကြုံတွေ့ခဲ့ကြရပါတယ်။ဒီလိုနဲ့အလုပ်လုပ်ကြရာမှာ ကလေးထည့်လိုက်တဲ့အိမ်တွေ၊ သက်ကြီးရွယ်အိုထည့်လိုက်တဲ့အိမ်တွေကို ကျန်တဲ့ပုဂ္ဂိုလ်တွေက မကျေနပ်ကြပါဘူး။ သက်ကြီးရွယ်အိုတွေကို အသက်အရွယ်အရ ဘာမှမပြောပေမယ့် ကလေးတွေကိုတော့ ပင်ပင်ပန်းပန်းအတင်းခိုင်းတာမျိုးတွေ လုပ်ကြတာ စာရေးသူ ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ တကယ်တော့ ကလေးကို လမ်းပြင်ဖို့ထည့်တဲ့အိမ်ဟာ သူတို့အိမ်မှာ လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်မရှိလို့ ရှိတဲ့မြေးကိုထည့်ရတဲ့ အဖွားအို၊ အဒေါ်ကြီးနဲ့ မြေးသာရှိတဲ့အိမ်ပါ။“လူမရှိရင် လုပ်နိုင်တဲ့သူကို ငှားထည့်ပေါ့။ ဒီလိုထည့်လို့ရရင် မနက်ဖြန်ငါ့သားကိုထည့်မယ်” လို့ပြောတာကို ကျနော်ငယ်စဥ်က နားနားနဲ့ဆတ်ဆတ်ကြားခဲ့ရဖူးပါတယ်။ လူငှားဖို့လောက်ထိ အဲ့ဒီအိမ်ဟာ ချောင်လည်မှုရှိမရှိ သူတို့မတွေးပါဘူး။ ကျနော်တို့လူမျိုးတွေဟာ ဟိုအရင်က သိပ်တွက်ကပ်ခဲ့ကြပါတယ်။ရွာသူရွာသားတွေ ရေချိန်မြင့်တဲ့ ရွာကြီးတစ်ရွာကိုလည်း ကျနော်တွေ့မြင်ဖူးပါတယ်။ အဲ့ဒီရွာကြီးက ရွာထဲလမ်းကို ပြင်မယ်လုပ်တော့ တစ်အိမ်တစ်ယောက်လာရမယ်လို့ အမိန့်နဲ့မခေါ်ပါဘူး။ မနက်ဖြန်လမ်းပြင်မယ်လို့ပဲ ရွာထဲမှာလှည့်အော်ပါတယ်။ မနက်ဖြန်ကြတော့ ရွာထဲရှိအိမ်တွေက ယောကျ်ားသားတွေအကုန် လမ်းပြင်တဲ့နေရာ သွားကြတာမျိုး မဟုတ်ပါဘူး။ တောအလုပ်ရှိတဲ့သူက ကိုယ့်တောအလုပ်ကိုသွားကြတာပါပဲ။ အလုပ်အားတဲ့ သူတွေက လမ်းပြင်တဲ့ဆီသွားကြပါတယ်။ တချို့အိမ်တွေက နှစ်ယောက်အားတော့ နှစ်ယောက်သွားကြတာမျိုးရှိပါတယ်။ အဲ့ဒီမှာ တော့ အလုပ်ရှိလို့ တောသွားကြတဲ့ ယောကျ်ားသားအိမ်မှာ ကျန်ရစ်ခဲ့တဲ့ ဇနီးဖြစ်သူတွေက စားစရာတွေလုပ်ပြီး လမ်းပြင်နေတဲ့သူတွေဆီ သွားပို့ကြတာပါ။ ကိုယ်လုပ်နိုင်တဲ့ရှုဒေါင့်ကနေ ဝင်ထမ်းကြတာ သိပ်ကြည်နူးစရာကောင်းပါတယ်။နောက်တစ်ခုက ပညာရေးကိစ္စပါ။ ဟိုအရင်က ရွာကျောင်းတွေမှာ ဆရာ၊ဆရာမ အင်အား လုံလောက်မှုမရှိခဲ့ကြပါဘူး။ ဒီတော့ ရွာက ဆရာ၊ဆရာမ ငှားရပါတယ်။ ဆရာ၊ဆရာမ လစာပေးဖို့ ရွာကအိမ်တွေမှာ ခွဲတမ်းချပြီး ကောက်ကြရပါတယ်။ ဒီလိုခွဲတမ်းချပြီးကောက်ရာမှာ ကျောင်းသူ၊ ကျောင်းသားမရှိတဲ့အိမ်က ဆရာ၊ဆရာမအတွက် ခွဲတမ်းကို မထည့်ချင်ကြပါဘူး။ ကိုယ့်ရွာမျိုးဆက်တွေ ပညာတတ်ဖို့၊ ကောင်းစားဖို့ ငါတို့လုပ်ပေးသင့်တယ်ဆိုတဲ့ စေတနာအစား ငါတို့က ကျောင်းသားမရှိဘဲ အလကားနေရင်း ပိုက်ဆံထည့်ရတယ်လို့ မြင်တဲ့အမြင်မျိုး ရှိတဲ့သူတွေ မနည်းပါဘူး။ခုတော်လှန်ရေးကာလ လွတ်မြောက်နယ်မြေတွေမှာ ဆရာ၊ဆရာမ လုံလောက်မှုမရှိတဲ့အတွက် ငှားရမ်းရတာ၊ ဆရာ၊ဆရာမ လစာကို ရွာကကျခံရတာတွေက ဟိုးအရင်ကထက် ပိုများလာပါတယ်။ အားလုံးဝိုင်းထမ်းမှသာ ရွေ့တယ်ဆိုရုံ ရွေ့မှာပါ။ ဒီလိုကာလမှာ ဟိုအရင်ရှေးခေတ်ကလို အသိအမြင်ကျဥ်းတွေနဲ့ ဆက်သွားနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ ကိုယ့်မျိုးဆက်သစ်တွေကို ကိုယ်ချစ်တတ်ဖို့လိုပါတယ်။ပြည်သူတွေဆင်းရဲနေတာ မှန်ပါတယ်။ ဒါပေမယ့် ပညာရေး၊ရပ်ရွာသာယာရေးဟာ ကျနော်တို့ချွေတာရမယ့်နေရာ မဟုတ်ပါဘူး။ အသောက်အစား၊လောင်းကစားကိစ္စတွေ မရှိရင် ထိုက်သင့်သလောက် အဆင်ပြေနိုင်နေတာကို တွေ့မြင်နေရပါတယ်။ခုတော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အသိရေချိန်၊ စာရိတ္တရေချိန် မြင့်ဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဒီရေချိန်တွေမြင့်နေမှ ကျနော်တို့ဟာ ကျနော်တို့အလိုရှိတဲ့ အရာကိုရမှာပါ။ သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။ ကျနော်တို့ပြည်သူတွေ အသိရေချိန်မြင့်အောင် ကြိုးစားပြီး လက်တွေ့လည်း လိုက်နာကျင့်ကြံကြပါလို့ တိုက်တွန်းလိုက်ပါရစေ….#တက်နေထွန်း Post Views: 177 Share