Home > Uncategorized > ရော်ဘင်ဆင်ကရူးဆိုးတို့ အိမ်ပြန်ချိန်

ရော်ဘင်ဆင်ကရူးဆိုးတို့ အိမ်ပြန်ချိန်

ဖတ်ရှု့ခံစားခြင်း

ရော်ဘင်ဆင်ကရူးဆိုးတို့ အိမ်ပြန်ချိန်

မျက်မှောက်ခေတ်

ဒုက္ခအခက်အခဲမျိုးစုံ ကြုံတွေ့ရတဲ့ အချိန်မှာတွေ့ကြုံရတဲ့ အချိန်ကာလကို အသိဉာဏ်၊ပညာနဲ့ ကြံ့ကြံ့ခံဖြတ်သန်းကြမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ဘ၀ ကိုယ်မျှော်မှန်းထားတဲ့ အခြေအနေကို အနှေးနဲ့ အမြန် ရောက်ကြရစမြဲပါပဲ။ဒီနေရာမှာ အတိတ်ကံရဲ့အကျိုးပေးဆိုတာကိုတော့ ထည့်တွက်ရမှာပေါ့။

ဒဂုန်ရွှေမျှား ဘာသာပြန်တဲ့ ရော်ဘင်ဆင်ကရူးဆိုး ၀တ္ထု ဖတ်ပြီး လူတစ်ယောက်ဟာ ဘယ်လိုအခက် အခဲကြုံကြုံ အဲ့ဒီကာလကို ကြံ့ကြံ့ခံပြီး အသိဉာဏ်၊ ပညာနဲ့ ကျော်ဖြတ်နိုင်မယ်ဆိုရင်လွတ်မြောက်နိုင်တယ်ဆိုတဲ့ အသိတစ်ခုကို ဒီစာအုပ်ရနေ ရခဲ့တယ်လို့ ပြောရမှာပါပဲ။

မိဘစကားနားမထောင်တဲ့ ကောင်လေးတစ်ယောက် တစ်ခါမှ မတွေ့ကြုံဘူးတဲ့ ပင်လယ်ခရီးကို အတွင်းစိတ်ရဲ့ စေ့ဆော်မှုနဲ့ ထွက်သွားရာက စပြီး ဒုက္ခအဖုံဖုံရော သုခ အစုံစုံပါ ကြုံတွေ့ခဲ့ရတယ်။ ဒုက္ခရောက်ရတဲ့ အချိန်တွေမှာ ဉာဏ်ပညာ၊မလျော့တဲ့ ဇွဲ၊ လုံ့လ နဲ့ မူလဘူတ ရည်မှန်းချက် အောင်မြင်ဖို့ စိတ်ရှည်၊ သည်းခံပြီး ရော်ဘင်ဆင်ကရူးဆိုးက ကျော်ဖြတ်ခဲ့ပါ
တယ်။

ရော်ဘင်ဆင်ကရူးဆိုး ပါလာတဲ့ သင်္ဘောကြီးလေ မုန်တိုင်းမိပြီး ပျက်တဲ့အချိန် တစ်ယောက်တည်း ကျွန်းငယ်လေးပေါ်ရောက်တဲ့အခါ ဒုက္ခတွေနဲ့ စပြီးရင်ဆိုင်ရတော့တာပါပဲ။

နေ့၊ရက်တွေ မှတ်မိနေဖို့ သစ်သားချောင်း ကို ပြက္ခဒိန်အဖြစ် မှတ်ရတာတွေ၊စားသောက်ရေးအ တွက် တစ်ခါမှမရောက်ဖူးတဲ့ ကျွန်းငယ်ပေါ်မှာအသားစားလူရိုင်းတွေ၊အသားစား တောရိုင်း တိရိစ္ဆာန်တွေ ရှိ၊မရှိ မသိဘဲ ရုန်းကန်ခဲ့ရပုံတွေ၊နေထိုင်ရေးနဲ့ လုံခြုံရေးအတွက် ဆောက်လုပ်ရပုံတွေဟာ စိတ်၀င်စားဖို့ ကောင်းလွန်းလှတယ်။

လူသူမရှိတဲ့အပြင် ဘယ်အရပ်ဒေသလဲ မသိဘဲ တခါမှမရောက်ဘူးတဲ့ ကျွန်းငယ်လေးပေါ်မှာတစ်ယောက် တည်း အသက်ရှင်နိုင်ဖို့ ရပ်တည်ကြိုးစားရတာဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားလို့တောင် မရပါဘူး။

ဒါပေမယ့် ရော်ဘင်ဆင်ကရူးဆိုးက ဒီဒုက္ခ၊အခက် အခဲတွေကို နှစ်၊လ၊ရာသီတွေနဲ့ရင်းပြီး သူ့ရဲ့ရည် ရွယ်ချက်ဖြစ်တဲ့ အိမ်ပြန်နိုင်ရေးကို တမူးသားမှမလျော့တဲ့ ဇွဲ၊လုံ့လ၊အသိ ဉာဏ်ပညာနဲ့ ကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပါတယ်။

ရော်ဘင်ဆင်ကရူးဆိုးလို မြန်မာနိုင်ငံက လူငယ်တစ်ချို့လည်း ဒုက္ခတွေ၊အခက်အခဲတွေကိုကြံ့ကြံ့ခံရင်ဆိုင်ရင်း အသိပညာ၊သည်းခံနိုင်မှု၊ဇွဲ၊လုံ့လနဲ့ အချိန်ကာလကိုရင်းပြီး အိမ်ပြန်လာနိုင်ခဲ့ကြတာတွေ ရှိလာပါပြီ။

ဒဂုန်ရွှေမျှား ဘာသာပြန်ထားတဲ့၀တ္ထုထဲက ဇာတ်လိုက်ကြီး ရော်ဘင်ဆင်ကရူးဆိုးနဲ့ မြန်မာနိုင်ငံက လူငယ်တွေ မတူတဲ့အချက်က ကိုယ့်အတွက်သီးသန့်မဟုတ်ဘဲအများပြည်သူအတွက်ဒုက္ခပေါင်းစုံကို ရင်စည်းခံပြီး အခက်အခဲတွေကို အသိပညာရှိရှိ၊ဇွဲ၊လုံးလကောင်းကောင်းနဲ့ ရည်ရွယ်ချက်ပန်းတိုင်ရောက်ဖို့ ကြိုးစားနေကြတာပါ။

လူသူမရှိတဲ့ ကျွန်းလေးပေါ်မှာ နှစ်ပေါင်း(၂၀)ကျော် ဒုက္ခ၊အခက်အခဲမျိုးစုံနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ကြိုးစားခဲ့ပြီးမှ အိမ်ပြန်နိုင်ခဲ့တဲ့ရော်ဘင်ဆင်ကရူးဆိုလို မြန်မာနိုင်ငံကလူငယ်တွေရဲ့ အိမ်ပြန်ချိန်ဟာလည်း နီးသထက်နီးလာပြီဖြစ်သလို တစ်ချို့လူငယ်တွေကတော့ကိုယ့်အိမ်တံခါးကို ကိုယ်တိုင်ဖွင့်ပြီး ပြန်၀င်နေကြပြီဖြစ်ပါတယ်။

error: Content is protected !!